"လွမ်းငှက်တွန်ကျူး အတာနွေတန်ခူး"

in #artzone3 years ago

image

ပိတောက်တွေပွင့်နေတာ နှစ်ရက်ရှိပါပြီကော--
ပွင့်ပွင့်ချင်း နေ့ကတည်းက ဒေါ်ကြီးစိုး က
ပိတောက်တွေ ခူးမယ်လုပ်နေလို့ တားထားရတယ်။


ဒေါ်ကြီးစိုးရယ်--ပိတောက်တွေကို မခူးပါနဲ့
ကြွေတဲ့အထိ ဒီအတိုင်းထားထားပါနော်-”

မေ ပြောတော့ ဒေါ်ကြီးစိုးက သက်ပြင်းချပြီး
စိတ်မကောင်းတဲ့
လေသံနဲ့ ပြောတယ်လေ။
ပိတောက်တွေကြွေ တဲ့အထိ စောင့်ပြီး ပန်းကြွေလမ်းကို လျှောက်ဦးမလို့လား မေရယ်-တဲ့
ဟုတ်တယ်--မေ ပန်းကြွေလမ်းကို လျှောက်ဦးမယ်
ဟော---အိမ်ပြင်ထွက်လိုက်တော့ ဟိုး ခြံအနောက်ဖက် က အော်သံလေး သဲ့သဲ့ကြားလိုက်ရတဲ့အချိန်မှာ --
မေ့နှလုံးသားအစုံဟာ တဆတ်ဆတ်ခုန်တာမြန်လာတယ်--

ပိတောက်ပင်တွေ စီတန်းနေတဲ့လမ်းလေးကနေ
ခြံနောက် စမ်းချောင်းလေးဆီကို
မ တလှမ်းချင်းလှမ်း လျှောက် သွားမိတယ်။
လမ်းတလျှောက် မွှေးအီချိုသင်းနေတဲ့ ပိတောက်နံ့လေးက
မေ့ကို ကြို နေတယ်။လေပြေ အဝေ့မှာ တလွင့်လွင့်ကြွေကျ
လာတဲ့ပိတောက်ပွင့်လေးတွေက ကလူကြည်စယ်နေ
သလိုပါပဲလား-
တသွင် သွင် စီးနေတဲ့စမ်းချောင်းနားလေးအရောက် မှာ ပိတောက်ဝါဝါ တွေ ခင်းထားတဲ့ မြေပြင် ပေါ် မေ ဒူးထောက်လိုက်ရင်း ပြန့်ကြဲနေတဲ့ ပိတောက်ပန်းလေးတွေကိုလိုက်ကောက် နေတုန်းမှာ ဟိုးခပ်ဝေးဝေးက ငှက်ကလေးရဲ့အသံကို မေ ကြားနေရပြီ

ဥသြ--ဥသြ
ဟော--မေ့အဖော်လေးလာပြီပဲ။
မေ နဲ့ အတူ လွမ်းနေကျ လွမ်းဖော်လေးက
ပိတောက်ပွင့်ချိန် မှာမှ အလွမ်းတေး လာသီနေပါပေါ့လား။
တဒိတ်ဒိတ် ခုန်နေတဲ့နှလုံးသားထဲလည်းဥသြ လေးနဲ့အပြိုင် မြည်ကြွေးသီကြူးနေတဲ့ အသံလေးက
အမောင်--အမောင်--တဲ့

စမ်းချောင်းလေးထဲကို ပန်းကြွေ ပွင့်လေးတွေ မျှောရင်း
ရင်ထဲမှာ စူးနင့်နာကျင်နေတယ်
ပိတောက်တွေလဲ ပွင့်ဖူးတဲ့ ဒီအတာနွေဦး ရောက်ပြန်ပြီအမောင်ရယ်--
ဥသြလေးကလေ ဒီအချိန်ရောက်ရင် မေ့ဆီ အချိန်မှန် လာတယ်အမောင်ရဲ့
ပိတောက်ပွင့်လေးတွေကလဲပွင့်ပေးကြတယ်

မေ့ဆီ ပြန်မလာနိုင်တော့တာ မေ ချစ်ရတဲ့အမောင် ပဲလေ--

မနက်ဖြန်ဆို သင်္ကြန် ကြိုတဲ့ နေ့လေ အမောင်
မေ အစွမ်းကုန် အလှတွေပြင် ပြီး အမောင်လောင်းမယ့် အတာရေဦးကိုရင်တခုန်ခုန်စောင့်ကြို နေ ကျ အချိန်ပေါ့-
မနက်ဖြန်လည်း မေ အလှပြင်ထားမယ်နော်

အမောင်မလာရင်လည်းလည်းနေပေါ့
မေတို့ရဲ့ အချစ်နှစ်ပတ်လည်နေ့ လေးမှာ မေကတော့
အလှတွေပြင်မှာပဲနှလုံးသားထဲက အမောင့်ကိုချစ်တဲ့ချစ်ခြင်းမေတ္တာတွေ နဲ့အတူအမောင်မရှိတော့တဲ့ဒီနှစ်သင်္ကြန်ကို လည်း
မေ ကြိုရဦးမှာပေါ့ ချစ်တဲ့အမောင်ရယ်

        xxxxxxxx

ငယ်ဖော် ၊ငယ်ချစ်ဦး၊ငယ်ကျွမ်းဆွေ --ဘယ်လိုပဲပြောပြော
မေ့ နှလုံးသားကချစ်ဦးသူ က အမောင်ပဲလေ။
အပျိုဖော်ဝင်စကတည်းက မေ့စိတ်အစဉ်က ိုစိုးမိုးထားသူကလည်းအမောင် ပဲ။
တလမ်းတည်းနေပြီး အိမ်ချင်းလဲမဝေးဘဲ လူကြီးချင်းလည်း
ရင်းနှီးကြလို့ အမောင်နဲ့မေ က ငယ်ငယ်လေးကတည်းက ခင်မင်တွယ်တာလာခဲ့နေကြတယ်။
ကျောင်းမှာ စာတော် ပြီး အသင်းအဖွဲ့တွေမှာ ဦးဆောင်ပါဝင်တတ်တဲ့အမောင်ကမေ့ထက်
တတန်းပဲကြီးပေမယ့် သိပ်လူကြီးဆန်တာပဲ။
သိပ်လဲဆရာလုပ်ချင်တာလေ။

အမောင် --ဆိုတဲ့နာမည်ကိုတောင် မေ့ဘာသာ ရင်ထဲက တိတ်တိတ်လေးကြိတ်ခေါ်နေပေမယ့် သူ့ရှေ့မှာတော့ မခေါ်ရဲဘူး။
မိသားစုမှာ အငယ်ဆုံးသမီး မေ က ကလေးဆန် ၊ နွဲ့ဆိုး
ဆိုးတတ်သလောက် သားကြီးဖြစ်တဲ့အမောင်ကတော့ လူကြီးဆန်ပြီး တည်ငြိမ်ရင့်ကျက်တယ်။
ဆယ်တန်းကို ဂုဏ်ထူးတွေတသီကြီးနဲ့ အောင်ပြီး အမောင် ဆေးကျောင်းတက်ရတော့မေ ပျော်လိုက်တာ။
မေက ငယ်ငယ်ကတည်းက ကြင်ကြင်နာနာ ဆေးကုပေးတဲ့
ဆရာဝန်တွေကို သိပ်သဘောကျတာလေ-အမောင့်ကို ဒီအကြောင်းပြောပြတော့မေ့ခေါင်းကို ပုတ်ပြီး --

“မေက ကိုယ့် ကို ခုကတည်းက ဆေးကုပေးခိုင်းနေတာပေါ့လေ-”လို့ ချစ်စနိုးကြည်စယ်တယ်-

အဲဒီကတည်းက အရာရာမေ့အပေါ် အလိုလိုက် ဂရုစိုက်တတ်တဲ့အမောင့်စိတ်ကို မေ သိရှိကြည်နူးခဲ့ရတယ်-
အမောင်နဲ့ ကျောင်းအတူတူတက်ချင်လို့ အသည်းအသန်စာကြိုးစားခဲ့ပေမယ့်အမှတ်စာရင်းထွက်တဲ့ အခါ ဆေးအမှတ် မမှီတော့ မေ ငိုလိုက်ရတာ--
အဲဒီတုန်းက မေ့ကို စိတ်ရှည်လက်၇ှည်ရှင်းပြခဲ့တယ်--

“မေကဘာလို့ဆေးကျောင်းတက်ချင်တာလဲ--မေ့ပုံစံကြည့်ရတာ ဆေးပညာကိုလဲဒီလောက်ကြီး ဝါသနာပါပုံမရပါဘူး-“

ဆေးကျောင်းမှာ အမောင်ရှိလို့--လို့မပြောရဲတော့ မေ ငြိမ်နေရတာပေါ့

“ ဒီမယ်--ကိုယ် ပြောပြမယ် မေ၊ လူတွေဟာ ကိုယ် ဝါသနာ
ပါရာနဲ့ အသက်မွေးမှ ဘဝမှာပျော်ရွှင်ကြတာ ၊ အေး-တချို့က ဘဝပေးအခြေအနေအရ ရွေးချယ်ခွင့့်မရှိလို့သာ ပျော်ရာမလုပ်ရဘဲ သင့်တော်ရာလုပ်ကိုင် ရင်းဘ၀ ကိုရှင်သန်နေကြရတာ၊ ခု မေ က ရွေးချယ်ခွင့်ရှိတုန်း
ကိုယ်ဝါသနာပါရာပညာနဲ့အသက်မွေး ပါလား-
ကိုယ်က ဘာလုပ်၇ရင်ပျော်မလဲ ကိုယ့်ဘာသာစဉ်းစားကြည့်”

“ အင်း-- မေလေ ကလေးလေးတွေကို ချစ်တယ်
သူတို့ကို စာသင်ပေးချင်တယ် ”

“ ဒါဆို--မေ ဆရာမ လုပ်ပေါ့--”

အမောင်ပြောသလို မေ ဆရာအတတ်သင် ပညာရပ်ကို ရွေးခဲ့တယ်။
အမှတ်တွေ အများကြီးရပြီး တခြားလိုင်းကောင်းတွေ
ရွေးလို့ရပါရဲ့နဲ့ ဆရာမလုပ်မယ့် မေ့ကို အားလုံးက ပြောဆိုနေကြပေမယ့် အမောင်ပြောတဲ့ အတိုင်း
ကိုယ်ဝါသနာပါရာပညာ သင်ရတာမို့မေ ပျော်တယ်--

နောက်ဆို လူနာတွေကို ကြင်ကြင်နာနာဆေးကုပေးနေ
တဲ့အမောင့်အနားမှာနေပြီး အနာဂါတ် ရဲ့ အဖူးအပွင့်ဖြစ်တဲ့
ကလေးလေးတွေကို မေက စာပြပေးမယ်လေ-

မေ့ဘာသာ တိတ်တခိုး ကြည်နူးစိတ်ကူးနေရပေမယ့်
အမောင်က တော့ ဆေးကျောင်းစာတွေနဲ့ နပန်းလုံးရင်း တစ်နှစ်ပြီးတစ်နှစ်သာကုန်သွားတယ်
မေတို့ အခြေအနေ က ထူးမလာဘူး-

ဒါပေမယ့်လေ ခံစားချက်ချင်း တူပြီး
စိတ်ချင်းနီးစပ်နေလို့လားပဲ--

အမောင့်ရင်ထဲမှာ မေ ရှိနေတယ်လို့ အလိုလို သိနေတယ်။
ဘာဖြစ်လို့လဲဆိုတော့ နှစ်စဉ်နှစ်တိုင်း အမောင်လောင်းတဲ့ အတာရေဦးနဲ့ အမောင်ပေးတဲ့ ပိတောက်ပန်းလေးတွေက သက်သေပေါ့နော်။

ဒီလိုနဲ့…|
အမောင်လည်းဆရာဝန်ဖြစ်လို့ မေလည်းမူလတန်းပြဆရာမလေးဖြစ်လာခဲ့တယ်-

အဲဒီနှစ်ရဲ့ သင်္ကြန်ဟာ မမေ့နိုင်တဲ့ အမှတ်တရပါ။

ထုံးစံအတိုင်း အကြိုနေ့မနက်မှာ မေ အလှတွေပြင်ပြီး အမောင်အလာကိုစောင့်တယ်-
အကြိုနေ့ဆို အမောင် က အိမ်မှာလုပ်တဲ့သင်္ကြန်မုန့်တစ်ခုခု
ယူလာပြီး မေ တို့အိမ်လာပေး ရင်း မေ့ကိုရေလာလောင်းတာ အိမ်သားတွေကလည်းသိပြီး ကြည်ဖြူတယ်။

မုန့်ချိုင့်ကြီးကတစ်ဖက် ပိတောက်ပန်းတွေကတစ်ဖက်နဲ့
အမောင် မေ့ဆီ ရောက်လာတယ်။

“ဟယ်--ပန်းတွေကလှလိုက်တာ--မေ့ ကိုပေးမလို့လား-”

“ဟုတ်တယ်--ပန်းလည်းပေးမယ်-ရေလည်းလောင်းမယ်-
နောက်ပြီး မေ့ကိုပြောစရာရှိလို့
အခု --ကိုယ် ပို့စတင်ကျပြီး နယ်သွားရတော့မယ်-”

“ဟင်--ဘယ်ဘက်လဲ၊ အဝေးကြီးလား”

“အင်း-နည်းနည်းတော့ဝေးတယ်မေ--
အညာမကျတကျ နေရာလေးပေ ါ့-”

“ဒါဆို အဲဒီမှာပဲနေပြီး ရန်ကုန်ကို တော်တော်နဲ့ဘယ်ပြန်လာနိုင်မလဲနော်”

“ဟုတ်တယ်”

“တောထဲသွားမယ့် အစား-အန်တီတို့ သွားစေချင်တဲ့
အင်္ဂလန်ပဲ ပညာတော်သင်သွားပြီး ပါရဂူဘွဲ့ ယူပါလား”

“ကိုယ်-အင်္ဂလန်မသွားချင်ဘူးမေ--
ပြန်လာပြီး အထူးကုဆေးခန်းလည်းမထိုင်ချင်ဘူး
ငယ်ငယ်ကတည်းက ဆေးပညာသင်ချင်ခဲ့တာ မြန်မာပြည်က အခြေခံလူတန်းစားတွေ ရဲ့အသက်ကို ကယ်ချင်လို့ပဲ--
ကိုယ့်မှာ ခိုင်မာတဲ့ရည်ရွယ်ချက်ရှိတယ်-ကိုယ်ဆေးပညာကို လွယ်လွယ်လေးတွေးပြီး သင်လာတာမဟုတ်ဘူး-
မေ့ကိုပြောဖူးသလိုပဲ ရွေးချယ်ပိုင်ခွင့်ရှိရင် ကိုယ်ပျော်ရာဘဝကိုပဲရွေးရမယ်။
ခု ကိုယ့်မိသားစု ကဘာပဲပြောပြော စီးပွားရေးခိုင်မာတယ်လေ- နောက်ကြောင်းအေးပြီး ကိုယ် ငွေကို အသည်းအသန် မရှာလည်းရတဲ့အခြေအနေမှာ ကိုယ့်ထက် အများကြီး ဘဝအခြေအနေ နိမ့်ကျ ဆိုးဝါးတဲ့ လူတွေကို ကူရမယ်။
မေ့ကို လဲ မေးချင်တယ်-
ကိုယ်နဲ့အတူဆိုမေလိုက်ရဲပါ့မလားလို့”

“ ရှင်--”

“ကိုယ်နဲ့တစ်သက်လုံးဘဝခရီးလမ်းအတူ လျှောက်ရဲလား--လို့-”

ကြည့်-အဲဒီအမောင်ဟာလေ
ချစ်တယ်၊ကြိုက်တယ် အရင်မပြောဘူး--
မေ စိတ် ကောက်ချင်လာပြီ

“မေ--မျက်နှာကြီးက ဘယ်လိုဖြစ်သွားတာလဲ--ကိုယ်ပြောတာမကြိုက်လို့လား-”

“ဟုတ်တယ်--မကြိုက်ဘူး-ဘာဖြစ်လို့ မေ့ကို
တစ်ဘ၀ လုံး အတူခေါ် ချင်တာလဲ-ဆိုတာ အရင်ပြောပေါ့-”

“သြော်-မေရယ်-မေ့ကိုချစ်လို့ပေါ့ကွယ်-
တို့နှစ်ယောက်တွယ်လာတဲ့သံယောဇဉ်ကြိုးက
တစ်ဘဝစာ ခိုင်မြဲနေပြီပဲ”

အို--ပျော်လိုက်တာ--အမောင်က မေ့ကို ချစ်သတဲ့
တစ်ဘဝလုံး အတူလက်တွဲ လျှောက်မတဲ့

“မေ--ဘာမှလဲပြန်မဖြေပါလား--ပြောလေ
ကိုယ်နဲ့ အတူ လိုက်နိုင်ပါ့မလား-”

“မေးနေရသေးလား အမောင်ရယ်-”

“ဘယ်လို --ကိုယ့်ကို မေ ဘယ်လို ခေါ်လိုက်တယ်--”

“အမောင်လို့--လေ--
မေ့ရင်ထဲက တစ်သက်လုံးကြိတ်ခေါ်လာတဲ့နာမည်ပေါ့
ခုမှပဲတရားဝင်ခေါ်ခွင့်ရတော့မယ်
မေခေါ်တာကြိုက်လားဟင်-”

အမောင်က မေ မေးတာမဖြေဘဲ မေ့မျက်နှာလေးကို စေ့စေ့ကြည့်ပြီးနူးညံ့ကြင်နာစွာ ပြုံးလိုက်တယ်
ပြီးတော့ မေ့ကို ရေလောင်းတယ်-

“ ဒီအတာရေက ကိုယ့်ရဲ့ချစ်မေတ္တာရေစင်ပေါ့မေ--
ဟော့ဒီပိတောက်ပန်းလေးကကိုယ့်ရဲ့ မေတ္တာပန်းလေး--”

အမောင်ကမ်းပေးတဲ့ မွှေးကြိုင်နေတဲ့ရွှေအိုရောင် ပိတောက်ခိုင်လေးကို မေ ဖွဖွလေးမွှေးလိုက်တယ်-

ရင်ထဲမှာကြည်နူးလိုက်တာ--

မေ့ဘဝမှာ အမောင့်ချစ်ခြင် းမေတ္တာ နဲ့အားလုံးပြည်စုံ လုံခြုံသွားပါပြီ။
အရာရာ ရင့်ကျက်တည်ငြိမ်ပြီး စိတ်သဘောထား ဖြောင့်မတ်တဲ့
ကြင်နာတတ်တဲ့ အမောင်နဲ့သာဆိုရင်လေ
ဘဝခရီးလမ်းဘယ်လောက်ကြမ်းကြမ်း ပေါ့အမောင်ရယ်-
မေ လျှောက်ရဲပါတယ်--

xxxxxxxx

ကလေးလေးတွေ စာသင်ပေးရင် း ၊မေတို့နှစ်ယောက် ရှေ့ရေးအတွက် လိုအပ်တာတွေကြိုတင်ပြင်ဆင်ရင်း
အမောင်နဲ့ ဝေးနေရတဲ့ လွမ်းရက်တွေကို
မေ အကျိုးရှိရှိ ဖြတ်သန်းခဲ့ပါတယ်။

ဒါပေမယ့်လေ-- နွေဂိမာန်ကူးလို့ဥသြလေးတွေ
တွန်ကျူးတဲ့အတာ ရက်တွေရောက်ရင်တော့
မေ အမောင့်ကိုမျှော်မိပြီ။

အမောင်ကလည်းလေ --သင်္ကြန်ပိတ်ရက် ပြန်လာမယ်ပြောပြီး
ခုအကြိုနေ့ရောက်နေပြီ-

မေ တမ်းတပြောဆိုနေတုန်းမှာပဲ မေ့ရှေ့ကို အမောင်ရောက်လာတယ်-

အို--အမောင်က အသားတွေ ညိုသွားတယ်
မျက်နှာကလည်း ပိုလူကြီးဆန်လာသလိုပဲ

“အမောင်--အရမ်းပင်ပန်းနေပြီလားဟင်--”

“ဟုတ်တယ်မေ--အခု တာဝန်ကျနေတဲ့ရွာကြီးက
တောမကျ၊မြို့မကျ နဲ့စည်ကားပေမယ့် ဆေးရုံံမှာ
ဆရာဝန်က ကိုယ်တယောက်တည်းလေ-ပင်ပန်းပေမယ့်ပျော်ပါတယ် -မေ့ကိုလဲပြောမလို့
ကိုယ်တို့လက်ထပ်ကြရအောင်နော်--
အခုတာဝန်ကျတဲ့နေရာ မေ့ကိုခေါ်သွားမယ်”

ဒီလိုနဲ့ အမောင့်ကိုပါရမီဖြည့်ဖို အမောင်ခေါ်တဲ့နောက် ကို ဖဝါးခြေထပ် လိုက်လာခဲ့ရတယ်- -မေ့အလုပ်ကိုလည်း
မောင် တို့ရွာ ကကျောင်းကို ပြောင်းလိုက်တယ်-

ရွာထိပ်က အမောင် ပြင်ဆင်ထားတဲ့မေတို့နေရမယ့်
အိမ်လေးက ပျဉ်ထောင်သွပ်မိုးနဲ့ကျဉ်းကျဉ်းလေးပေ့မယ့်ချစ်စရာလေး -- ခြံကြီးကလဲအကျယ်ကြီးပဲ--
မေ့အကြိုက် သစ်ပင်ပန်းပင်တွေနဲ့-

“လာ--မေ့ကိုပြစရာရှိတယ်”

အမောင်ခေါ်ရာ ခြံနောက်ဖက်အရောက်မှာတော့--
အို-ပိတောက်ပင်တွေ စီတန်းနေတဲ့လမ်းလေးပါလား-
လမ်းအဆုံးမှာ ကြည်လင်တဲ့ စမ်းချောင်းလေး
က စီးဆင်းလို့--

“သာယာလိုက်တာအမောင်ရယ်--မေ စိတ်ကြည်နူးလိုက်တာ”

“ဘာမှ ပကာသန မရှိတဲ့ ဒီနေရာလေးမှာ မေ ပျော်ပါ့မလားလို့
ကိုယ်စိုးရိမ်မိတယ်-”

“ပျော်တယ်အမောင်--မေ -ပျော်တယ်
အမောင့်ကိုပြောခဲ့သလိုပဲ မေ ဒီရွာလေးမှာနေပြီး
အမောင့်ကို ပါရမီ ဖြည့်ပေးမယ်နော်-”

“ကျေးဇူးတင်ပါတယ်-မေရယ်--ကိုယ်တို့ ဒီရွာလေးမှာ ဘဝကိုအေးအေးချမ်းချမ်း တည်ဆောက်ကြမယ်နော်-”

တကယ်ကို အမောင်ပြောသလိုပဲ မေ တို့ ဘဝလေးကို အေးအေးချမ်းချမ်း တည်ဆောက်ခွင့်ရခဲ့တယ်။
ကလေးတွေကို စိတ်ရှည်လက်ရှည် စာသင်ပေးတဲ့ မေ့ကို
အားလုံးကချစ်ခင်ကြသလိုဆေးကုဖို့တစ်ခုတည်းမဟုတ်ဘဲ ရပ်ရေးရွာရေးတွေပါ ကူညီဆောင်ရွက် အကြံပေးနေတဲ့
အမောင့်ကိုရပ်ရွာက အားကိုးလေးစားကြတယ်။

ဒီလိုနဲ့ ဒီရွာလေးနဲ့ မေတို့ဟာ တသားတည်းလို
သံယောဇဉ် ဖြစ်သွားပြီး အမောင်က အစိုးရ အလုပ်ကို ထွက်လိုက်ပြီးဒီရွာလေးမှာပဲဆေးခန်းဖွင့်ပြီး အခြေချနေ
ထိုင်ဖို့ဆုံးဖြတ်လိုက်တဲ့အခါ မေ ကလည်း
သဘောတူကြည်ဖြူ စွာ လက်ခံခဲ့ပါတယ်။

ညဘက်လသာတဲ့နေ့တွေမှာ အမောင်က
စန္ဒရားလေးတီးတော့ မေကသီချင်းဆိုတယ်။
မေ့ခံစားချက် အတိုင်းတထပ်တည်းကျတဲ့
ဘဝချင်းဆုံတွေ့ပါရစေ--ဆိုတဲ့ သီချင်းလေးပေါ့---

♪ ♫ ♫ တဦးနဲ့ တဦး ချစ်စေကြောင်းတောင်းဆုပြုတယ်လေ
ဘ၀ ဘဝတိုင်းအသချေၤ၊ပုံပမာနိုင်းပြမယ်လေ-
မောင်ရေ--အာကာနန်းဗွေ လျှမ်းပနေ --
စမ်းလသော်တာ မောင်သာဖြစ်ရင် လေ--
မေအမြဲ မောင့်အပါးဆီမှမသွေ တဖဝါးမှမခွာလိုပါပေ--ရေတွက်ပြေးကစား--ငွေကြယ်လေးများဖြစ်ပါရစေ.. ♪ ♫

♪ ♫ အသဲကမ္ဘာအသချေၤ-- မောင်နဲ့အတူတွဲ မခွဲ မခွဲပါဘူေးလ-မဟာသမုဒ္ဒရာရေ--မောင်ကဖြစ်ရင် --မေကလည်း
မသွေမဆိုင်း ရေလှိုင်းဖြစ်ချင်တယ်လေ-
သို့မဟုတ် -နှင်းဆီပန်းအဖူးအပွင့်ပမာလေ-ဆူးခက်လေးတွေအလား မေ အပါးကခစားပါမောင်ရေ-
အဆုံးတနေ့မှာလေ - ကန္တာရတောတောင်စခန်းမြေ
ရေကန်သာ မောင်ကဖြစ်ရင်လေ--
နှစ်ဖြာ အသင့်ဆင့် ကြာပန်းတပွင့် ပွင့်ပါရစေလားလေ-♪ ♫-♪ ♫

ဘ၀ မှာ ဘယ်လို ကြီးကျယ်ခမ်းနားမှုမျိုး လိုရဦးမှာလဲ။

ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာတတ်နိုင်သလောက် အကျိုးပြုလုပ်ငန်းလေးတွေ လုပ်ပေးရင်း
ချစ်ခင်အားကိုးရတဲ့အမောင်နဲ့ ဒီလို သီချင်းလေး ဆိုနေရရင်
မေ့ဘဝဟာပြီးပြည့်စုံလှပတဲ့ ပန်းချီကားချပ်လေးပါ--
xxxxxxxxxxxxxxx
အမောင်ရေ--လောကဓံတရားဆိုတာ
အယုတ်အလတ် အမြတ်မရွေး
လူသားတိုင်းကို ရိုက်ခတ်နေတာပဲနော်--
ဒါကို မေ ဘဝနဲ့ရင်းပြီးသိခဲ့ရပါတယ်။

ခုတလော--အမောင် မျက်နှာမကောင်းဘူး--
စိတ်ထဲမှာတခုခု ကို
တနုံ့နုံ့ တွေးနေပုံပဲ
ညဘက်လည်း အစည်းအဝေးရှိတယ်ဆိုပြီး အိမ်ပြန်နောက်ကျတတ်တယ်။
တနေ့မှာ ဒေါ်ကြီးစိုးဆိုတဲ့ အဒေါ်ကြီးတစ်ယောက်ကိုခေါ်လာတယ်။

“မေရေ--နောက်ဆို အမောင်က ခရီးတွေ ထွက်စရာရှိမယ်။
မေ အဖော်ရအောင် ဒေါ်ကြီးစိုးကိုခေါ်လာတာ--အရင်သမီးလေးကလုပ်ကျွေးနေတဲ့မုဆိုးမကြီး လေ-
-သူ့သမီးလေးက မြို့ကပြန်လာပြီး အရင်အပတ်က ဆုံးသွားတယ်--

ကျောထောက်နောက်ခံလဲမရှိ လို့ အားကိုးရာမဲ့ဖြစ်နေတာ-
မေ လည်းအဖေါ်ရအောင် မောင်ခေါ်လာတာ-”

ကြည့်ရတာ ရိုးသားအေးဆေးပုံရတဲ့ဒေါ်ကြီးစိုးကို မေ ခင်ပါတယ်။မေလည်း အမေနဲ့ဝေးနေချိန် အားကိုးတိုင်ပင်စရာရသွားတယ်-ဒေါ်ကြီးစိုးက စကားပြောကြည့်မှ တော်တော်ရိုးတာပဲ--ကိုယ့်သမီး ဘယ်သွားအလုပ်လုပ်တာ-ဘာရောဂါဖြစ်ပြီးဘယ်လို ဆုံးတယ်ဆိုတာ တောင်လုံး၀ နားမလည်ဘူး-

“မသိပါဘူး--မေရယ်-သမီးလေးက အရင်အိမ်မှာ စက်ချုပ်နေတာလေ-အရင်နှစ်က ဒေါ်မြကြည် က ထိုင်းနယ်စပ်ကအထည်ချုပ်စက်ရုံမှာ အလုပ်ရှိ တယ်ဆိုပြီးခေါ်သွားတာပဲ- -နေတာစားတာစရိတ်ငြိမ်းတဲ့-
လစာလည်း အဒေါ့်ကိုမှန်မှန်ပို့ပေးတယ်-
ခု သမီးက ဆုံးခါနီးမှ ပြန်ရောက်လာတာ-သူကလဲ အားရင်ကြတ်ငိုနေပြီး
အဒေါ့်ကို ဘာမှသေချာ မပြောပြဘူး--
ဒေါ်မြကြည်ကိုလဲမေးလို့မရဘူး--လေ”

ဒေါ်ကြီးစိုးစကားတွေ နားထောင်ပြီး မေ့ရင်ထဲ ထင့်နေလို့အမောင့်ကိုမေးမိတယ်

“ဟုတ်တယ် မေ--ခုတလော-အမောင် လဲ ဒီကိစ္စတွေကို သေချာ
လိုက်စုံစမ်းနေတာ။ဒီရွာကနေ ဒေါ်မြကြည် ခေါ်သွားတဲ့မိန်းကလေး တွေများပြီ။ သူတို့မိဘတွေကိုတော့နယ်စပ်က စက်ရုံတွေပို့ထားတယ် ပြောြ့ပီး ပြန်မလာ ကြတဲ့သူတွေများတယ်”

“ဒေါ်မြကြည် ကို ဘယ်သူမှ မမေးကြဘူးလား--”

“သူကအရင် ဒီရွာမှာလဲ နေခဲ့ဖူးပြီး ငွေကြေး လဲ တတ ်နိုင်တော့သူ့ကိုအထင်ကြီးပြီးယုံနေကြတာ။ဒေါ်မြကြည်က သူတို့ရွာက မိန်းကလေးတွေ
မြို့မှာ အလုပ်ရပြီး အမြင်ကျယ်အောင် လုပ်ပေးနေတာ လို့ပဲပြောတယ်။
ခုခေတ်ကြီးမှာ သူရှာပေးတဲ့ အလုပ်က လစာတွေက လဲမက်လောက်စရာ
ဆိုတော့ သူပြောတာယုံနေကြတယ်။ အမောင်တော့ရင်လေးတယ်-
ခု အမောင့်စကားကို သဘောပေါက်နားလည်တဲ့ လူတွေစုတိုင်ပင်ပြီး အဲဒီကိစ္စကိုဖောိထုတ်ရမယ်”

“အမောင်ရယ်--သက်ဆိုင်တဲ့သူတွေ သူ့ဘာသာလုပ်ပစေပေါ့--အမောင်ကဆရာဝန်-

ဆေးကုပေးရင် တော်ပြီပေါ့--စိတ် ပင်ပန်းပါတယ်”

“ဘယ်လိုပြောလိုက်တာလဲမေ--ဒီကိစ္စဟာ အားလုံးနဲ့ဆိုင်တဲ့အမျိုးသားရေးကိစ္စ၊
ကိုယ့်မြန်မာမိန်းကလေးတွေ တဖက်နိုင်ငံ ရောင်းစားနေကြတာ-
ဘဝပျက်နေကြတာအသေဆိုးနဲ့သေကုန်ကြတာ--ဘာမှမဆိုင်ဘူးလား-
ဒီမိန်းကလေးတွေသာ မေ့ရဲ့ ညီမလေးတွေ ဆိုရင် မေ ဘယ်လိုခံစားရမလဲ--ကိုယ့်လုပ်အားလေးနဲ့မိဘ၊မောင်နှမ၊ မိသားစုကို လုပ်ကျွေးချင်တာပဲသိပြီး ဘာမှမသိနားမလည်ကြ တဲ့ ၊ ရိုးသားပြီးယုံလွယ်တဲ့ မိန်းကလေးတွေ ရေတိမ်နစ်နေကြတာ ဘယ်လောက်တောင်များနြေ့ပီလဲ-သိလား”

အို--အမောင်အော်တာ မေ-ဒီတခါပဲ ခံရဖူးတယ်-ဟုတ်တယ်--
အမောင်ပင်ပန်း နေတာမကြည့်ရက်တဲ့မေ့အတွေးက သိပ်အတ္တဆန်သွားတယ်နော်--

“မေ --တောင်းပန်ပါတယ်အမောင်--မေ တကိုယ်ကောင်းဆန်သွားမိတယ်။

ကိုယ်နဲ့မဆိုင်ဘူးလို့နေလို့မရတဲ့ကိစ္စကြီးပါ--အမောင်မှန်ပါတယ်-

ဒါပေမယ့်-သတိတော့ထားနော်--အမောင့်မှာ အန္တာရယ်ရှိမှာစိုးလို့ပါ”

“ခု ဒေါ်မြကြည် ရွာပြန်ရောက်နေတယ်--မနက်ဖြန်ပြန်မယ်တဲ့
ဒီတခေါက်လည်း မိန်းကလေး ငါးယောက်လောက်ပါသွားမယ်ကြားတယ်- ကြည့်ရတာ သူက နယ်စပ်မှာ လက်လွှဲနဲ့ မိန်းကလေးတွေကို ထားခဲ့ပုံပဲ-- ဒီတခေါက် ဘယ်သူမှ အပါမခံရအောင် ကိုယ် တို့အဖွဲ နယ်စပ်အထိ လိုက်ကြည့်ရမယ်။ မေ က ဒေါ်ကြီးစိုးနဲ့ နေခဲ့နော်”

“ဟင်--သဘက်ခါပဲ--အကြိုနေ့ရောက်တော့မယ်--
အမောင်က ခရီးထွက်ဦးမှာလား-

“မတတ်နိုင်ဘူးလေ-မနက်ဖြန် သူတို့ထွက်တာနဲ့ ကိုယ်တို့လိုက်ထွက်ရမှာ--ဒေါ်မြကြညိက သိပ်လည်တာ--အရင်လဲမသင်္ကာတဲ့ အဖွဲ့တွေ က လိုက်တာ
သူက ခြေရာဖျောက်ပစ်လိုက်တယ်။ ဒီတော့ အမောင်တို့ က
သေချာ စောင့်ကြည့်ပြီး သူတို့ကားထွက်တာနဲ့နောက်ကတန်းလိုက်ရမှာပဲ”

အမောင့်ကို ကြည့်ပြီး မေ့စိတ်ထဲလေးနေသလိုပဲ--ထူးထူးခြားခြား အဲဒီညက သင်္ကြန်မိုးပြေးလေးရွာပြီး ပိတောက်တွေ လည်း ပွင့်တယ်။

နောက်နေ့မနက် သွားခါနီး ပိတောက်တွေ တပွေ့ကြီးနဲ့အမောင်ကမေ့ကို ရေလောင်းတယ်

“ ရေကြိုလာင်းခဲ့တယ်နော်--မေ
အကြိုနေ့ရေလောင်းမခံရရင် မေ ငိုနေမှာစိုးလို့”

အမောင်ပြောမှ မေ့စိတ်ထဲတမျိုးဖြစ်မိတယ်။ ခဏနေတော့ အိမ်ရှေ့မှာ မောင်တို့သွားမယ့် ဟိုင်းလက် ကားလေး ရောက်လာတော့သွားမယ်နော်--မေ -ဆိုပြီးလက်ပြျနုတ်ဆက်သွားတယ်-

အမောင်ပေးခဲ့တဲ့ ပိတောက်ပန်းတွေ ဘုရားရှင်ကိုကပ်လှူပြီး အမောင်တို့ လုပ်ငန်းအောင်မြင်ပါစေ-လို့ဆုတောင်းပေးနေမိတယ်။
ဒါပေမယ့် မေ့ဆုတောင်းတွေ မပြည့်ခဲ့ပါဘူး---
ညနေစောင်း မှာ အမောင်တို့စီးသွားတဲ့ကားမှောက်လို့ အားလုံး အရေးပေါ်ဌာနရောက်နေပြီဆိုတာလဲ ကြားရော မေ ဆေးရုံကို ချက်ချင်းလိုက်သွားပေမယ့် အမောင့်အသက်ကိုမမှီတော့ဘူး--

မိန်းကလေးတွေတင်ပြီး ထွက်ပြေးတဲ့ဒေါ်မြကြည်တို့ကားကို မှီအောင်လိုက်မောင်းရင်း ကားချင်း ပွတ်မိရင်း နှစ်စီးလုံး မှောက်တာတဲ့

ဟိုဘက်ကားက ဒေါ်မြကြည် နဲ့သူ့ဒရိုင်ဘာ ၊ ဒီဘက်ကားက အမောင်နဲ့
နောက် နှစ်ယောက်ဆုံးသွား တယ်တဲ့-- မိန်းကလေးတွေ ကိုတော့ ပြန်ခေါ်ခဲ့နိုင်တယ်တဲ့-

အို--မေ့ ရင်တခုလုံး ဗြောင်းဆန်ပြီး ဖြစ်ပျက်နေတာတွေကို မယုံနိုင်သလိုပဲ--
မနက်ကမှ အမောင် က ပိတောက်ပန်းလေးပေးပြီး မေ့ကို ရေလောင်းခဲ့သေးတယ်လေ။

မေ မငိုအောင် ချော့သွားတယ်လေ--အမောင်က ဘာလို့သေရမှာလဲ-

မဟုတ်ဘူး-အမောင်သေတာမဟုတ်ဘူး--

အမောင်ဟာတစ်သက်လုံး မြင့်မြတ်တဲ့စိတ်ထားနဲ့ကောင်းတာတွေပဲ
လုပ်ခဲ့တာလေ-

ဒီလိုလူကိုမှ ရက်စက်လှချည်လားကံကြမ္မာရယ်--

အမောင်ရေ--အမောင် မေ့ဆီပြန်လာမယ်ဆို -

မေ နဲ့ တဘ၀ လုံးလက်တွဲလျှောက်မယ်ဆို--

မေ့ရဲ့ ကောင်းကင်ဟာ ပြိုကျပျက်စီး သွားပါြ့ပီ။

xxxxxxxxxx

အမောင် မရှိတော့ပေမယ့် မေ ဒီရွာလေးမှာပဲ ဆက်နေခဲ့ပါတယ်။

အမောင်လုပ်စေချင်တဲ့အလုပ်တွေမေ ဆက်လုပ်ပေးမယ်လေ-
အမောင်တို့အသက်နဲ့ရင်းပြီး လမ်းပြသွားလို့ ခုဆို ရွာသူရွာသားတွေကို အမြင်ကျယ်ကုန်ကြပြီလေ-
မိန်းကလေးတွေလဲ အသိတရားရှိပြီး အယုံမလွယ်ကြတော့ပါဘူး--သမ္မာအာဇီဝကျတဲ့အလုပ်ကိုလဲရွေးတတ်နေကြပါပြီ။
ရိုးသားတဲ့ကျေးလက်က ပန်းလေးတွေ အားမာန်အပြည့်နဲ့ လန်းဆန်းနေပါပြီအမောင်

အမောင် ရောက်ရာဘဝက၀မ်းသာပီတိနဲ့သာဓုခေါ်နိုင်အောင် မေ
အမျှေ၀ နေပါတယ်။

မေလဲ အမောင်ဆုံး ကာစ က ရူးမတတ် ခံစားခဲ့ရတဲ့ စိတ်တွေကို
တရားရေအေး နဲ့ဆေးကြောပြီး ခုဆို ရင့်ကျက်တည်ငြိမ်တဲ့ မေ ဖြစ်နေပါပြီ။

အမောင် မရှိတော့ပေမယ့် အမောင့်ပုံရိပ်တွေ ၊အမောင့်စကား သံလေးတွေ၊ အမောင့်အဆုံးအမတွေနဲ့ မေ လေ ဘဝကို အဓိပါယ်ရှှိရှိဖြတ်သန်းနေပါတယ် အမောင်-

မြတ်စွာဘုရားဟောကြားခဲ့တာ-- လူသားတွေဟာ သံသရာတလျှောက် ကျခဲ့ရတဲ့မျက်ရည်တွေဟာ သမုဒ္ဒရာ နှစ်စင်းစာမက များခဲ့လှပြီ--တဲ့-

မေ-- မငိုတော့ပါဘူး အမောင်-

မေ့ မျက်ရည်နဲ့တမ်းတခြင်းတွေကြောင့် ရောက်ရာဘဝမှာ အမောင့်ကို မပူလောင်စေချင်ဘူးကွယ်--

မေ့မျက်ရည်တွေကို သိမ်းလိုက်ပါပြီ။

ဒါပေမယ့်အမောင်ရယ်--
ခုလို ပိတောက်တွေပွင့်ဖူးပြီး လွမ်းငှက်လေးတွန်ကြူးနေတဲ့အတာနွေဦး ကို ရောက်လာခဲ့ရင်တော့ မေ လွမ်း ပါရစေ နော်-
ဟောဒီ့စမ်းချောင်းလေးမှာ ပန်းကြွေလေးတွေမျှောရင် း ဥသြငှက်လေးနဲ့
အပြိုင်အမောင့်အတွက် မဆုံးနိုင်တဲ့အလွမ်းတေးလေးသီပါရစေနော်--

အမောင့်ကိုတမ်းတရင်း ပန်းကြွေလေးတွေကို စမ်းချောင်းလေးထဲ
မျှောချအပြီး မှာ ပိတောက်လမ်းလေး အတိုင်း မေ ပြန်လှည့်လာတဲ့အချိန်မှာပဲ--


မေမေ--သားသားရေသွားကစားတော့မယ်နော်-”

ဒေါ်ကြီးစိုး ဆင်ထားပေးတဲ့ ဝတ်စုံအသစ်လေးနဲ့ သင်္ကြန်ဦးထုပ်လေးနဲ့ ရေသေနတ်လေးကိုင်ထားတဲ့ သားလေးက ချစ်စရာကောင်းလိုက်တာ။

“ဟယ်--တစ်ယောက်တည်းသွားမလို့လား-
မေမေလည်းလိုက်ခဲ့မယ်လေသားသားရဲ့”

“ဒီလမ်းထိပ်တင်ပါ-သားသားတို့မူကြိုကျောင်းကသူငယ်ချင်းတွေစုပြီးပက်လို့ရအောင်
ဆရာမက လုပ်ပေးတာ--ဒေါ်ကြီးစိုးလိုက်ပို့မှာ--မေမေမလိုက်နဲ့တော့-
မေမေက လူကြီးဆိုတော့ ယောဂီဝတ်စုံဝတ်ပြီး ဘုန်းကြီးကျောင်းသွားလေ”

တတ်လိုက်တဲ့သားလေး--အမောင်ရေ-သားလေးကအမောင့်အတိုင်းပဲ -
ခု မေ့ကို ဆရာလုပ်နေပြီ သိလား-
လောကကြီးမှာ မေ တစ်ယောက်တည်းမကျန်ခဲ့ရအောင် မောင့်ကိုယ်စား
ထားခဲ့တဲ့ လက်ဆောင်လေးပေါ့နော်-
ဒီသားလေး ကြီးလာရင်လဲ အမောင့်လို စိတ်ဓါတ်မြင့်မားအောင်၊ တည်ကြည်ရဲရင့်ပြီး
အများအကျိုးအတွက် ဆောင်ရွက်တတ်အောင် မေ သွန်သင်ဆုံးမရဦးမယ်။

ဒီသားလေးကိုပြုစုပျိုးထာင်ဖို့မိခင်ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေ ရှိအောင် မေ ကြိုးစားမာန်တင်းရင်း ခုလို အတာနွေဦးမှာတော့ဥသြငှက်လေးနဲ့ အတူ မေ့ကို လွမ်းခွင့်ပြုပါဦး
အမောင်ရယ်--

ဒေါ်ကြီးစိုး လက်ကိုဆွဲပြီး သားလေးထွက်သွားတာကို ငေးကြည့်ရင်း
မေ့ရင်ထဲကနေ အမောင့်ကို ကတိစကားတွေ
တိုင်တည်ပြောဆိုနေမိပါတော့တယ်။

                     ခံစားနားလည်နိုင်ပါစေ
Sort:  

World of Photography
>Visit the website<

You have earned 5.10 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.02
Server time: 07:19:55
Account Level: 0
Total XP: 15.20/100.00
Total Photos: 3
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank