ဂစ်တာ - မိုးကျော်ဇင်

in #esteem3 years ago

image


မြို့ကလေး၏ ရှားပါးစာရင်းဝင်ဖြစ်သော တယောအနုပညာရှင်တွေထဲတွင် ဖေဖေလည်း အပါအဝင် ဖြစ်ခဲ့၏။ သို့သော်၊ မကွယ်လွန်မီ ၁၀ နှစ်ခန့်ကတည်းက ဘိုးတံမကိုင်ဖြစ်ခဲ့သော ဖေဖေသည် ရှင်သန်ခြင်းဆိပ်ကမ်းမှ ထွက်ခွာသွားချိန်မှာတော့ အိမ်၌ မြင်းမြီးမရှိ တော့သည့် ဘိုးတံရိုးတစ်ချောင်းနှင့်အတူ ကျွန်တော်တို့အရိုးတွေထဲအထိ စိမ့်ဝင်ကျန်ရစ် နေကြသော တယောသံများမှတပါး တယောစုတ်လေး တစ်လက်ပင် ချိတ်ဆွဲ ကျန်ရစ်မနေခဲ့ပါ။

ကျွန်တော်သည် ဖေဖေ့ထံမှ ဂီတသွေးကို အမွေဆက်ခံခဲ့သည်ဖြစ်သော်လည်း ကျွန်တော်ရင်ခုန်သည်က ဟော်လိုဂစ်တာ တစ်လက်၏ ရစ်သမ်ရိုက်ချက်တွေကိုသာ ဖြစ်သည်။ သို့သော် ဂစ်တာကို ကျွမ်းကျင် အဆင့်ထိ စွဲစွဲမြဲမြဲ အားမထုတ်မိခဲ့ခြင်းသည် ကျွန်တော့်ကိုယ်ရေးသမိုင်း၏ ညံ့ဖျင်းမှုများစွာထဲမှ ထင်ရှားသော အမာရွတ်တစ်ခု ဖြစ်ခဲ့ရ၏။ ကျွန်တော့်ချွေးစက်များထဲမှ ညှစ်ယူခဲ့သော ငွေကြေးဖြင့် ဟော်လိုဂစ်တာတစ်ပတ်နွမ်း တစ်လက် ပိုင်ဆိုင်ခဲ့ဖူးခြင်းသည်လည်း ကျွန်တော့်ဘဝ၏ အနည်းငယ်သော အောင်မြင်မှုများထဲ မှ " အလံ " တစ်ခု ဖြစ်ခဲ့လေသည်။

မေမေသည် ဂစ်တာမုန်းသူတစ်ဦးဖြစ်ကြောင်း ဦးစွာ လက်တို့ ထားချင်ပါသေးသည်။ ဆံပင်ရှည်နှင့် ဂစ်တာသည် လမ်းဘေးယဉ်ကျေးမှု၏ အမှတ်တံဆိပ်ဖြစ်ကြောင်း အဖြူအမည်း အတွေးအခေါ်တွေက မေမေ့မှတ်ဉာဏ်ထဲ ရိုက်သွင်းထားခဲ့ပုံရ၏။

မည်သို့ပင်ဖြစ်စေ၊ ကျွန်တော့်အဓိက ရည်ရွယ်ချက်မှာ ကျွန်တော်တို့ ခေါင်တစ်ခြမ်းပဲ့ အိမ်လေး၏ သံငုတ်တစ်ခုတွင် ဂစ်တာတစ်လက် ချိတ်ဆွဲခဲ့ဖူးကြောင်း အသိပေးလိုခြင်းသာ ဖြစ်၏။

အရှိန်သေစ ပြုနေပြီဖြစ်သော ရထားပေါ်မှ ဆင်းလိုက်သည်နှင့် အရှိန်တက်စပြုနေပြီ ဖြစ်သော နေရောင်ကို တိုက်ရိုက်ခံစားလိုက်ရသည်။ အော်သံခေါ်သံတွေ၊ ဆီးကြိုနှုတ်ဆက် သံတွေ ၊အလန့်တကြား ပွင့်ထွက်လာတတ်သော ရယ်သံတွေကြား တိုးဝှေ့ပြီး ရှောင်ထွက် လာခဲ့၏။ ဒီအသံ၊ ဒီလှုပ်ရှားမှုတွေက ကျွန်တော်နှင့် မသက်ဆိုင်။

ဘယ်သူများ လာကြိုနေမလဲဟူသော အတွေးဖြင့် ကျွန်တော့်မျက်လုံးတွေ အလုပ်မများ။ ဘယ်သူလှမ်းခေါ်လိုက်မလဲဟူသော မျှော်လင့်ချက်ဖြင့်လည်း ကျွန်တော့်နားရွက်တွေ အလုပ်မရှုပ်။

မြို့ကလေး၏ တံခါးပေါက်တစ်ခုဖြစ်သည့် နီကြင့်ကြင့်ဘူတာလေး၏ ပင့်ကူအိမ်သဏ္ဌာန် ကွဲအက်စင်္ကြန်ကို ဖြတ်လျှောက်လာခဲ့၏။ ပြီးတော့ သုံးထစ်သော လှေကားအကွာအလန်လေးကို ဆင်းမိလိုက်သည်နှင့် မြို့ကလေးရနံ့က ကျွန်တော့်အဆုတ်ထဲ စီးဝင် သွားသည်။ ဖြတ်သန်းတိုးဝှေ့သွားသော လေပြည်ထဲ နွေးခနဲ လုံခြုံသွား၏။

တယ်လီနော၊ အော်ရီဒူး၊ ရှေ့သို့လှမ်းချီ အမ်ပီတီတွေက မြို့ကလေး၏အစီအစဉ် မကျသော နံရံတွေပေါ် သူ့ထက်ငါ လုယက် တွယ်ကပ်နေကြသည်။ sky - net ၊ မိုဘိုင်းဖုန်း၊ ဖေ့စ်ဘွတ်ခ် စသည့် လေလှိုင်းဆက်သွယ်ရေး ဖျော်ဖြေရေးတွေ၊ ဟွန်ဒါအိပ်မက်၊ ကင်ဘို ၊ လိုင်စင်မဲ့ကား၊ လိုင်စင်မဲ့အရက်၊ ဗီဇာမဲ့ ကိုရီးယားယဉ်ကျေးမှု၊ ဆင်ဆာမဲ့ စီဒီချပ်များက မြို့ကလေးကို ပြုစားထားသည်။ လူညှော်နံ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ညှော်နံ့၊ သတင်းညှော်နံ့ တွေ ပိုမိုထူထပ်လာနေသည့် မြို့ကလေးသည် မှိုင်းဝလုလုဖြစ်နေသော မီးပုံးပျံတစ်လုံးလို ရုန်းကြွကြွဖြစ်နေ၏။

မည်သို့ပင်ဖြစ်စေ၊ ကျွန်တော့်မြို့ကလေးသည် ကတ္တရာလမ်းသား အနည်းအငယ်ကို စလွယ်သိုင်း၍ ဂလိုဘယ်ခေတ်ကြီးထဲ မြို့ရာဝင်ရန် ကြိုးစားနေပါပကော။ ကျွန်တော်နှင့် ကွာဝေး နေသော ရက်သတ္တပတ်အနည်းအငယ်အတွင်း ဆိုင်းဘုတ်တချို့ ပျောက်ဆုံးသွား ကြပြီး ဆိုင်းဘုတ်တချို့ ထပ်တိုးလာကြသည်။ သီချင်းဖွင့်သော လက်ဖက်ရည်ဆိုင်တွေ မရှိသလောက် နည်းသွားကြပြီး ဘောလုံးပွဲနှင့် ရုပ်ရှင်ပြသော လက်ဖက်ရည်ဆိုင်တွေ များ သည်ထက် များလာကြသည်။

လျှောက်ရင်းငေးရင်း မြို့ကလေးတစ်ခုလုံး ကျွန်တော့်မျက်လုံးတွေထဲ ကျွံကျသွားသည်။ ပြီးတော့ နှလုံးသားထဲ နစ်မြုပ်သွားသည်။ ပြီးတော့ .....အတွေးမီးခိုးတန်းများ...။

ငိုက်ကျနေသော ဦးခေါင်းကို ပြန်မော့လိုက်သည်။ ကိုင်းညွှတ်နေသော ကိုယ်ခန္ဓာကို ပြန်မတ် လိုက်သည်။ အိကျနေသော ကျောပိုးအိတ်လေးကို ပခုံးပေါ် ပြန်ဆွဲတင်လိုက်၏။

ခေတ်မမီတော့သည့် ဒီအစိမ်းရောင် ကျောပိုးအိတ်လေးထဲ ခေတ်မမီတော့သော အဝတ် အစား ၂ စုံရှိသည်။ အိုဟောင်းနေသော်လည်း ခိုင်မာနေဆဲ မျှော်လင့်ချက်တွေ မွန်းကျပ်နေကြ သည်။ ငြင်းပယ်ခြင်း ခံခဲ့ရသော အိပ်မက်လေးတွေ ပုန်းခိုရှိုက်ငိုနေကြသည်။

လက်ချောင်းထိပ်ဖျားလေးတွေ အသားမာ တက်သည့်အထိ ကောဒ့်ရှာ၊ ဦးနှောက်တွေ မီးထတောက်မတတ် ရုန်းကန်ခဲ့ရသော စကားလုံးတွေဖြင့် ရိုးရိုးသားသား ဖွဲ့တည်ထား သည့် အနုပညာကိုယ်ထည်လေးတွေ။ ရှေးဘဝအဆက်ဆက် အကုသိုလ်များ ပေါင်းစပ်မိ ရာမှ သန္ဓေတည်လာခဲ့သော ဒီကျိန်စာသည် သီချင်းရေးသမားဟူသည့် ကန့်လန့်ကာ နောက်ကွယ်မှ ဝါသနာကို ကျွန်တော့် ပြက္ခဒိန်တွေထဲ အတိအကျ ပစ်ချခဲ့လေတော့.....။

ဒီလိုနှင့် ၊ စာအုပ်အငှားဆိုင်တံခါးလေးကို ယာယီခဏ ပိတ်ခဲ့ရသည်က အကြိမ်ကြိမ်။ တစ်ဦးတည်းသော လက်ကျန်မိသားစုဝင်ဖြစ်သည့် အရွယ်လွန်မေမေ့ကို ခေါင်တစ် ခြမ်းပဲ့ အရွယ်လွန်အိမ်ထဲ ဇွတ်စိတ်ချထားခဲ့သည်က အခါခါ။

" စာသားတွေကတော့ မဆိုးပါဘူး၊ သံစဉ်တွေက ပုံစံထပ်နေသလိုပဲ.."

" ငါ့ညီသိတဲ့အတိုင်းပဲကွာ၊ ဒီအချိန်မှာ သီချင်းအသစ် တစ်ခွေထွက်ဖို့ဆိုတာ မဟာ စွန့်စားခန်းကြီးကွ၊ ဒီတော့ .."

"......... .......... ........"

" ......... .......... ......"

အိပ်မက်ထဲမှ ကောင်းကင်သည် လက်တွေ့ ပျံသန်းကြည့်တော့မှ အဆပေါင်းများစွာ ပိုမြင့်မားနေ၏။ ကျွန်တော့်ညတွေ၏ အလျားသည် ဘယ်နှရာစုအထိ ဝေးလံရှည်လျားနေဦး မှာလဲ။ တောမြို့တစ်မြို့မှ မျှော်လင့်တကြီး ပြေးထွက်လာ သော ကျောပိုးအိတ်လေးတစ်လုံး အတွက် ပျော်ရွှင်ခြင်းခန်းမတွင် ထိုင်ခုံလွတ်မရှိတော့ပြီလား။ လှေကားရှည်ကြီးတွေ၏ အောက်ဆုံး လှေကားထစ်မှပင် အကြိမ်ကြိမ် တပ်ခေါက် ပြန်ဆုတ်ခဲ့ရသော ကျွန်တော့်အပြန် လမ်းတွေသည် အဆိုးရွားဆုံးရလဒ်ဖြင့် ပြည်တော်ပြန်ခဲ့ရသည့် ဘောလုံးတစ်သင်းလို တိတ်တဆိတ် ခြောက်သွေ့လွန်းသည်။

" သီချင်းရေးဆရာကြီး ..ပြန်လာပြီလားကွ "

ကတ္တရာလမ်းနယ်နိမိတ်အထိ ကျူးကျော် ထားသည့် လက်ဖက်ရည်ဆိုင်ရှေ့မှအဖြတ် မေးခွန်းတစ်ခု လမ်းကြုံဆီးကြိုသည်။ ကြည့်လိုက်တော့ ပြုံးထေ့ထေ့ မျက်နှာပေးတွေဖြင့် ကျောင်းနေဖက်တချို့။ တစ်နည်းအားဖြင့် ဒီမြို့၏ စီးပွားရေးသမားတွေထဲမှ လူငယ်ခြေ တက်လေးတွေဖြစ်ကြသည်။

" အေးကွာ " ဟု ပြောလိုက်မိသလား၊ ခေါင်းဆက်ပြုံးပြခဲ့သလားဆိုသည်ကိုပင် ကိုယ့် ကိုယ်ကိုယ် သတိမထားမိလိုက်။ အပြုံး မျက်နှာဖုံးတွေ၊ ခလုတ်နှိပ်လိုက်သလို ဆတ်ခနဲ့ လှုပ်သွားသည့် စက်ရုပ်ဦးခေါင်းတွေနှင့် ဘရိတ်ပေါက်နေသည့် စကားလုံးတွေကို အမြန်ဆုံး ဖြတ်လျှောက်ခဲ့သည်ကတော့ သေချာ၏။ ဒီအရာတွေသည်သာ ကျွန်တော့်အိမ်အပြန်တိုင်း အတွက် ဝတ္တရားမပျက် ကြိုဆိုမှုများ ဖြစ်ကြသည်။

လောကဇာတ်ခုံပေါ်တွင် ဒိုင်ယာလော့ခ် တစ်ခွန်းမျှ ဝင်ပြောခွင့်မရသေးသည့် ဖြတ်လျှောက် တစ်ယောက်မျှသာဟူသော ပတ်ဝန်းကျင် မျက်လုံးတွေသည် ကျွန်တော့်ကိုယ်ပေါ် အခိုင်အမာ ထိုးစိုက်ထားပုံ ရသည်။ ဆယ်တန်းအောင်ရုံဖြင့် ပညာရေးလမ်းဆုံးခဲ့ပြီး၊ တန်ဖိုး အမြင့်ဆုံးဖြစ်သော်လည်း လူကြိုက် အနည်းဆုံးလမ်းကို လျှောက်ခဲ့ခြင်းသည် ငွေကြေးရယ် သံကြားရာ အပြိုင်အဆိုင် ပြေးလိုက်နေသူများအတွက် အပေါစားပြက်လုံး ဖြစ်နေသည်။

ဒီအကြည့်တွေ၊ ဒီပဲ့တင်သံတွေအတွက် ကျွန်တော့်သွေးတွေ အရောင်ပြောင်းမသွားပါ။ သို့သော် ...။

သို့သော်၊ မေမေ့အတွက် ဒုက္ခအိုးလေးတစ်လုံး ဖြစ်နေသည်ကိုတော့ ကျွန်တော် နာနာကျင်ကျင် လက်ခံထားရသည်။ ကြိုးညှိပေးရုံသာ အလုပ်ရှုပ်စေသော ဂစ်တာဟောင်း လေးတစ်လတ်ကို အိမ်ပေါ် ပထမဆုံး ခေါ်တင်လာစဉ်က အကြီးအကျယ် ကန့်ကွက်ခဲ့သော မေမေသည် ဆယ်စုနှစ် ၃ ခုနီးပါး စိုက်ပျိုးယုယခဲ့သည့်တိုင် မသီးမပွင့်နိုင်သေးသော ဒုက္ခသစ်ပင်လေးကိုမူ တစ်ခွန်းမညည်းညူခဲ့။

ကတ္တရာလမ်းသားတွေကို ကျော်လွန်လာပြီး ကျောက်ကြမ်းလမ်းလေးကို ရောက်သည်နှင့် မြို့ညှော်နံ့တွေ တဖြည်းဖြည်း ပါးလျားလာသည်။ ထိုမှတစ်ဆင့် မြေသားလမ်း လေးထဲ ချိုးကွေ့လိုက်သည်နှင့် မေးခွန်းတစ်ခု၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရတော့၏။

" ဟာ ဟေ့ကောင် မင်း..ခုမှ ပြန်လာတာလား ."

ပါးစပ်အပြည့်နီးပါး ငုံခဲထားရသမျှကို ဖြတ်သန်းလာသော ဗလုံးဗထွေးမေးခွန်းသည် ကျွန်တော့်ဦးခေါင်းကို ဆွဲလှည့်လိုက်၏။ နတ်ကွန်းသာသာ ဆိုင်လေးထက်မှ လူဝကြီးမှာ ကလေးတွေ ဇယ်ခုတ်ကစားနေသလိုမျိုး ကွမ်းယာတွေကို တရစပ်ထုတ်ပိုးနေရင်း ထောင့် ကပ်ထားသော အကြည့်တွေဖြင့် ကျွန်တော့် ခြေထောက်တွေကို လှမ်းဆွဲလိုက်သည်။

" ဟုတ်တယ်လေ..ခုမှ ရထားဆိုက်တာကို .."

" ငါက မင်းပြန်ရောက်နေပြီထင်နေတာ၊ ည, ည ဆိုင်သိမ်းပြီးလို့ မင်းတို့အိမ်ရှေ့က ဖြတ်ပြန်တိုင်း ဂစ်တာသံလေး ကြားကြားနေရတာ သုံးလေးရက်လောက် ရှိပြီကွ၊ ငါက မင်း ပြန်ရောက်နေပြီထင်တာ..ဟားဟား ကြားနေကျဆိုတော့ နားစွဲနေတာနေမှာပေါ့ကွာ၊ ငါကလည်း အသက်ကြီးလာတော့ ဟားဟား ၊ အေး အေး သွားသွား ကောင်လေးရေ "

ကွမ်းယာဆိုင်လေးကို ဖြတ်ကျော်ခဲ့ပြီ ဖြစ်သော် လည်း ကွမ်းယာဆိုင်ထဲမှ မေးခွန်းတစ်ခုသည် မေးခွန်းပုံသဏ္ဌာန်အတိုင်းပင် ကပ်ပါလာ၏။ ည,ည ဆိုင်သိမ်းပြီး အိမ်ရှေ့က ဖြတ် အပြန်..။ ဂစ်တာသံလေးကြားရ ...။ ဘာလဲ..။ ဘယ်လိုလဲ..။ ကြားနေကျအသံကြောင့် စိတ်ထင်စွဲမှုလေလား ။

ဒီလူကြီး ဆိုင်သိမ်းချိန်မှာ ည ၉ နာရီကျော် ပုံမှန်။ ဂစ်တာမုန်းသော မေမေတစ်ယောက် တည်းသာ ကျန်နေရစ်သည့် အိမ်ထဲမှ ဂစ်တာသံ။ အချက်အလက်တွေက အပိုင်းအစတွေကဲ့သို့ ပြန့်ကျဲနေသည်။ ကလေးဘဝက ကစားခဲ့ဖူးသည့် အရုပ်ဆက်နည်းတွေထက် အပိုင်းအစတွေက ဆက်စပ်မိရန် ပိုမိုခက်ခဲလျက်။

ဤသို့ဖြင့်၊ မေးခွန်းများသော လူငယ်တစ်ယောက် အတွက် မေးခွန်းအသစ်တွေ ထပ်တိုး သွားခဲ့လေသည်။

သြော်..ဒါလား ဟု ပြောရင်း မေမေသည် ပါးစပ်နားရောက်နေသော ထမင်းလုတ်ကို ပန်းကန်ထဲ အသာပြန်ချလိုက်သည်။ ခပ်ပါးပါး ရှုပ်ထွေးစ ပြုနေပြီဖြစ်သော အရေးအကြောင်းများ ပိုမိုနစ်ကျွံထင်ရှားသွားသည်အထိ " တဟင်းဟင်း " ရယ်နေလျက်က ထမင်းစားပွဲ နောက်ဘက်နံရံကို မှီထောင်ထားသည့် ဂစ်တာလေးကိုလည်း မလုံမလဲ လှည့်ကြည့်လိုက် သေးသည်။

ထို့နောက်မှာတော့ ဘေးနားကပ်လျက် ထမင်းစားနေသော ကျွန်တော်တစ်ယောက် တည်းသာ ကြားနိုင်ရုံ လေသံကလေး တရှဲရှဲဖြင့် အရိုးသားဆုံးဖြောင့်ချက်ကို ဇက်ကလေးပု၍ ပြောပြပါတော့သည်။

" ဒီလိုငါ့သားရေ ...မင်းမရှိတော့ ည,ညဆို မေမေတစ်ယောက်တည်းမို့လား၊ အဲ့ဒါသိရင် မသူတော်တွေ အိမ်ကပ်မှာစိုးလို့ အရင်ညတွေ ငါ့သားပဲ အိမ်မှာရှိနေသလိုလိုနဲ့ ငါ့သား ဂစ်တာကို မေမေလည်း မတီးတတ်ဘဲနဲ့ ..ဒန်....ဒန်......ဆိုပြီး အဟင်းဟင်းဟင်း .."

ဂစ်တာတစ်လတ်၏ ကြိုးခြောက်ချောင်းစလုံးကို ပက်ထရမ်မာမာဖြင့် ဖိဆွဲချလိုက်သလိုမျိုး၊ ကျွန်တော့်တစ်ကိုယ်လုံးရှိ သွေးကြောတွေ " ဖြန်း" ခနဲ တုန်ခါသွားကြသည်။ ဒီတစ်ကြိမ် ပါးစပ်နားမှ ထမင်းလုတ်ကို ပန်းကန်ထဲ ပြန်ထည့်မိလိုက်သူမှာ ကျွန်တော်ဖြစ်၏။

နောက်ထပ် နှစ်ပေါင်းအနည်းငယ် ကြာသောအခါ .....။

ကျွန်တော် သီချင်းရေးဆရာ မဖြစ်ခဲ့ပါ။ ခေါင်းတစ်ခြမ်းပဲ့ အရွယ်လွန်အိမ်လေး၏ သံငုတ်တစ်ခုပေါ်တွင် ဂစ်တာတစ်လက် မရှိတော့ပါ။ ကျွန်တော်လည်း ဂစ်တာ မတီးဖြစ်တော့ပါ။ တစ်ခါတရံ ကြုံမိဆုံမိလျှင်တော့ လမ်းကျဉ်းလေးတစ်ခုထဲ ရည်းစားဟောင်းနှင့် မျက်နှာ ချင်းဆိုင် ပြန်တွေ့လိုက်ရ၍ ဝတ်ကျေတန်းကျေ နှုတ်ဆက်သလိုမျိုးသာ ဒေါင်ဒေါင်ဒင်ဒင် ကောက်တီးဖြစ်တော့သည်။

သို့သော် ဂစ်တာသံတွေကြားတိုင်း၊ အထူးသဖြင့် အိမ်တစ်အိမ်အိမ်ဆီမှ ဖိတ်လျှံကျ လာသော ဂစ်တာသံတွေ ကြားရတိုင်း အဝေးက မေမေ့ထံ အလွမ်းတွေ ကြိုးပြတ်လွင့်ထွက် သွားလေ့ရှိသည်။

သို့သော် ကမ္ဘာ့စစ်အနိဋ္ဌာရုံသတင်းတွေကို ထိတွေ့ရတိုင်း၊ ကျွန်တော်ကိုယ်တိုင် ပွန်းပဲ့ရှနာ စသည့် ဒဏ်ရာအသေးအဖွဲများနှင့် မိတ်ဆွေဖွဲ့ရတိုင်း မေးခွန်းဟောင်းတစ်ခု၏ မညှပ် နိုင်သေးသည့် လက်သည်းရှည်ရှည်များက ကျွန်တော့်ဦးနှောက်ကို ထိုးဖောက်ကုတ်ခြစ် တတ်လေ့ရှိမြဲ။

ရှီဟွမ်တီ ( Shi Huangdi ) သည် မိုင်ပေါင်း ၁၃၁၇၀ ရှည်လျားသည့် မဟာတံတိုင်း ကြီးကို ဘာကြောင့် တည်ဆောက်ခဲ့ပါသလဲ။ လူသားယဉ်ကျေးမှုတွင် အိမ်သည် ဘာကြောင့် အရေးတကြီး လိုအပ်နေပါသလဲ။ ကျည်ကာအကျႌများကို ဘာကြောင့် တီထွင်ခဲ့ ကြပါသလဲ။

ကျွန်တော့်ဘာသာ မေးနေမိသည်။ ကျွန်တော်ဘာသာ တွေးနေမိသည်။ ကျွန်တော့် ဗဟုသုတအမှိုက်ပုံကြီးကို စိတ်အားတိုင်းဖွလျက် တွေးတွေးငေးငေးဖြင့် ရှာဖွေနေမိသည်။

သင်တန်းတစ်ခုတွင် ဆရာတစ်ယောက် ပို့ချခဲ့ဖူးသည့် စကားတစ်ခွန်းကလည်း ကျွန် တော့်အကြားအာရုံမှာ တရစ်ဝဲဝဲ။

" အကာအကွယ်မဲ့ခြင်းဟာ လူကို သေစေတဲ့ အချက်တစ်ချက်ပဲ " တဲ့။

အကာအကွယ်မဲ့ခြင်းဟာ....။ လူကိုသေစေတဲ့ .....။

ကျွန်တော်သည် ဘယ်တုန်းကမျှ ဂစ်တာတစ်လက် မဖြစ်ခဲ့ဖူးပါ။ သို့သော် ဂစ်တာတစ် လက်သည် ကျွန်တော်ဖြစ်သွားခဲ့ဖူးသည်ကိုတော့ မေ့ပျောက်နိုင်လိမ့်မည်မဟုတ်။ ။

      •                                                                                               မိုးကျော်ဇင်                                                                                      ရွှေအမြုတေ၊ ဒီဇင်ဘာ၊ ၂၀၁၅ 
        

credit - မိုးကျော်ဇင် FB account

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

This post has received a 19.23 % upvote from @sureshot thanks to: @min2thant.

@sureshot is part of the @fivestargroup movement in collaboration with @block-buster Witness.