ဆီပြန်ဟင်းလေးတစ်ခွက်

in #esteem4 years ago (edited)

အခန်း(၁)

ရေကနောက်ကျိပြီး နွံနှစ်ရောင်ဘက်ရောက်နေပြီ။ရေပေါ် ပေါ်နေတဲ့ အမှိုက်သရိုက်နဲ့ဗေဒါဖောင်တွေမျောသွားတဲ့ အရပ်ကိုကြည့်လိုက်လိုက်တာနဲ့ ရေကျချိန်ဆိုတာသိသာပါတယ်။ တံတားတိုင်နဲ့ဆိုင်အခန်းဒေါက်တိုင်တွေမှာ အမြင့်ဆုံးရောက်နေတဲ့ ရေရဲ့အမှတ်အသားကိုကြည့်လိုက်ရင်လည်း တိုင်ခြေအထိရေဘယ်လောက်ကျန်သေးတယ်၊ ငါးမျှားကြိုးကို အောက်မရောက်တရောက်နေရာကို ခန့်မှန်းနိုင်ပါတယ်။တစ်ချက်တချက် ပဲ့ထောင်နဲ့ စက်တပ် ချွန်းကောင်သင်္ဘောတွေကြောင့် လှိုင်းတက်လာတာကလွဲရင် ကျွန်တော်ငါးမျှားတဲ့နေရာက ရေငြိမ်ပါတယ်။
နောက် တံတားတစ်ခုရဲ့ဘေး ရေပေါ်ရောက်နေတဲ့ ဆိုင်ခန်းကြားက အစွန်းနေရာလေးတစ်ခုဖြစ်တာရယ် ချောင်ကျနေပြီး ဆိုင်ခန်းအပေါ်အမိုးအစပ်ရှိနေတာကြောင့် နေဒဏ်မိုးဒဏ်က စိတ်မပူရ။ ကျွန်တော့်အတွက် ဒီနေရာမှာ ငါးမျှားရတာအဆင်ပြေတယ်။၊ တစ်ခုပဲ တစ်ချက်တချက်မျောလာတဲ့ ပေါလောပေါလောတွေနဲ့ ဆိုးဝါးတဲ့မြင်ကွင်းက လွဲရင် ကျန်တာပြသနာမရှိ။
ငါးမျှားချိတ်ထိပ်မှာ သေချာချိတ်ထားတဲ့ တီကောင်တစ်ပိုင်းပြတ်ကိုကြည့်ပြီး ဆူးအဖျားနဲ့ ငါးမျှားဒစ် အနားကို လုံအောင် လက်နဲ့သေချာပြင်လိုက်တယ်။သေချာပြီလား သေချာထပ်ကြည့်လိုက်တယ်။ နောက်ဆုံး ငါးမျှားချိတ်ကို ရေထဲမချခင် ပါးစပ်အနားကိုယူလိုက်ပြီးငါးစာတီကောင်ဆီကို ပြွတ်ကနဲ့နေအောင် တံတွေးနဲ့ တည်ထွေးလိုက်တယ်။ ဘာရယ် မသိပေမယ့် သူငယ်ချင်းတွေ ငါးမျှားတိုင်း ငါးစာကိုတံတွေးနဲ့ တွေးတာ တွေ့တယ်။အဲဒါကြောင့် ကျွန်တော်လဲ သူတို့လို့ ထွေးလိုက်မိတယ်။ နောက် ထိုင်နေတဲ့နေရာရဲ့အောက် တည့်တည့်ဆီ ကြိုးကိုအသာလျော့ချလိုက်တော့တယ်။ အောက်မှာမြင်နေရတဲ့ရေအတိုင်းဆို မကြာခင် ရေစစ်တော့မယ်။ သည်နေရာမှ ရေထပ်စစ်သွားရင် ကျွန်တော်ပြန်လိုက်ဖို့ စဉ်းစားထားပြီးသား။ ကျွန်တော့်ဘေးမှာ သီတန်နဲ့ သီထားတဲ့ ငါးတွဲနဲ့ဆို သားအမိသုံးယောက်အတွက် ညနေစာနဲ့ နောက်တစ်နေ့မနက်စာအထိတော့ သာသာယာယာပေါ့။

အခန်း (၂)

အမေနေမကောင်းလို့ ဈေးမထွက်တာ လေးရက်လောက်ရှိပြီး။ မနေ့ညကမှ သက်သာ လာပုံရတဲ့အမေက နလန်ထပီပီ ဒီငါးကိုစားချင်တယ်လို့ ပြောသံကြားလို့ ကျွန်တော်ဒီနေ့ ကျောင်းကအပြန်ကို ဈေးကမ်းနားဆိပ်ကို ရောက်လာခဲ့တာပေါ့။ ဒီဈေးနဲ့ဒီကမ်းနားကတော့ ကျွန်တော့်နေရာလိုပါပဲ။ အမေက ဈေးထဲမှာ မုန့်ဟင်းခါးခေါက်ဆွဲရောင်းတယ်။ ကျွန်တော်က ဆိုင်မှာ ပန်းကန်ဆေးဖို့အတွက်ရေကို ဒီကမ်းနား ဆိပ်မှာ ရေလာခပ်ရပါတယ်။ နောက်ရေးချိုးရင်လည်း ဒီကမ်းနားဆိပ်မှာပဲဆိုတော့ ဒီနေရာနဲ့ ဒီရေအထာကို အတော်လေးတော့သိနေတယ် ပြောရမှာပေါ့။
ရေပေါ်ပေါ်နေတဲ့ ဖော့သီးဖြုဖြူလေးက တုံ့ကနဲ့လှုပ်သွားသလို အာရုံစိုက်ပြီးကိုင်ထားတဲ့ ငါးမျှားကြိုးကလေး လှုပ်သွားတာကို သိလိုက်တယ်။တဒုတ်ဒုတ်နဲ့ ငါးစာကိုရောက်အောက်ကနေဆွဲသွားတာကို အလိုက်သင့်လေး လိုက်လျော့ပေးလိုက်တယ်။ဟပ်နေတဲ့ငါးစာ ငါးရဲ့ပါးစပ်ထဲကိုရောက်လောက်မှ မှန်းပြီး ငါးမျှားကြိုးကို ဆက်ကနဲ စောင့်ဆွဲလိုက်တော့မှ ချိတ်မှာ ရုန်းကန်ရင်းပါလာတဲ့အကောင်က နူတ်ခမ်းမွှေးတကားကားနဲ့။အပေါ်ကိုအသာဆွဲပြီး ငါးကိုသေချာ ကိုင်လိုက်တယ်။ ငါးမျှားချိတ်ကို သူပါးစပ်ထဲကနေ အသာကလန့်ထုတ်လိုက်တယ်။ ဒီငါးမျိုးကို ငါးမျှားချိတ်ဖြုတ်ရတာ အလွယ်ဆုံးပါ။ပါးစပ်ကကျယ်ကျယ် နောက်ငါးမျှားချိတ်က ဆိုဒ်အသေးဆုံးဖြစ်လို့ လွယ်ကူတယ်လို့ ထင်ရတာ။
     တကယ်တော့ ငါးမျှားချိတ်အသေးက တော်ရုံငါးအသေးနဲ့ ငါးရှဥ့် ငါးလင်ဗန်းလောက် အထိကိုမိပါတယ်။ ဒီငါးမျှားချိတ်မျိုးဆို ကျွန်တော်က သိပ်ကြိုက်တာ။ငါးစင်ရိုင်းမျှားရင် ငါးစာလဲသက်သာတယ်။ငါးစင်ရိုင်းဆိုတဲ့ ငါးက ငါးစာကိုစားတာထက် ဟပ်ပြီး ဗိုက်ထဲမြိုချတာများတယ်။ ငါးထဲမှာ အခက်ခဲဆုံးမျှားရတာက ငါးရံ့ပါ ။ပါးနပ်တယ်လို့ပြောရမယ်။ငါးစင်ရိုင်းကတော့ သူတို့ပေါတဲ့ရာသီဆို တောရုံဟင်းစားလောက်က နာရီဝက်တစ်နာရီလောက်ဆိုရတယ်။ အိမ်ရှေ့မြောင်းထဲမှာတောင် နူတ်ခမ်းမွေး ပေါ်ပြီး အုပ်စုလိုက်ကူးခတ်နေတာမျိုးရှိတယ်။ ဒီငါးတွေက အုပ်စုလိုက်နေကြတာအတွေ့များ တယ်။

"ဟယ် မခင်လှသားလေး နင်ဘာလုပ်နေတာလဲ''
အသံကြောင်မော့ကြည့်မိတော့ လမ်းထဲကအန်တီကြီးပါ။အမေ့ သူငယ်ချင်းဆိုလည်း ဟုတ်တယ်။ ကျွန်တော်လည်း သူမြင်မှာစိုးတာနဲ့ ငါးတွဲကို ကိုယ်လုံးအနား အသာကွယ်လိုက်ပြီး။
"ဘာမှ မလုပ်ပါဘူး အန်တီ''
မတတ်နိုင်ဘူး ပြောင်လိမ်လိုက်ရတယ်။သူကတော့ ကျွန်တော့်ကို စူးစမ်းသလိုကြည့်နေရင်း
"ကျောင်းလွှတ်တာကြာပြီမှတ်လား ပြန်လေ ''
"ဟုတ်ကဲ့ အန်တီ''
"ဪ ဒါနဲ့ မင်းအမေ သက်သာပြီဆို ''
"ဟုတ်ကဲ့ အန်တီ''
အရေးထဲ စကားကြောရှည်နေသေးတယ်။ကျွန်တော်က စကားကြောကို အမြန်ဖြတ်လိုက်ချင်တာ။ ဘေးက ငါးတွဲမှာ မသေသေးတဲ့ ငါးတွေက တဖျတ်ဖျတ်နဲ့ ပေါင်ကိုလာထိမိတယ်။ ထိတာကပြသနာမရှိ ။ငါးစူးမှာပဲ စိုးရိမ်မိတာ။ငါးစင်ရိုင်းအရိုးကစူးရင် အတော်လေး ခံစားရတတ်တယ်။အန်တီကြီးက စကားပြောပြီး ကျွန်တော်ရဲ့ ငါးမျှားကြိုးကို သူသေသေချာချာကြည့်လိုက်သေး တယ်။ ပြီးမှ ဆိပ်ခံတံတားတစ်ဘက်ခြမ်းက မ ဆိုတဲ့ဆိုင်းဘုတ်ဘက်ကအခန်းကို ဝင်သွားတာ တွေ့လိုက်ပါတော့တယ်။

အခန်း (၃)

"အစ်မ ရော ဒီငါးတွေကိုင်ပြီး ချက်လိုက်နော်''
"ဟဲ့ မောင်လေး များလှချည်လား ''
ကျွန်တော့် အစ်မကိုကြည့်ပြီး ဂုဏ်ယူသလိုပြုံးပြလိုက်တယ်။
"ဟင်း ဟင်း ဒါတောင် ဟင်းချက်ချိန်ရှိသေးလို့ ပြန်လာတာနော်''
"ဪ ဒါဆို ဒီငါးတွေက မောင်လေး မျှားလာတာပေါ့ ဟုတ်လား''
ခေါင်းငြိမ့်ပြတဲ့ကျွန်တော့်ကို အစ်မက သနားသလိုအကြည့်နဲ့ပထမကြည့်ပြီး နောက်မှ ငါးတွဲကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်တယ်။
"မောင်လေး နင့်ငါးတွေက တော်တော်ကိုင်ရမှာဟ ထားပါ သွား ရေမိုးချိုးလိုက်တော့''
"ဟုတ် ''
ပြောပြီး အဝတ်လဲ ရေချိုးဖို့ အမေ့အခန်းရှေ့ကအဖြတ် အခန်းထဲမှာ မှေးနေတဲ့ အမေ့ကိုတွေ့လိုက်မိတယ်။အမေဒီတစ်ခေါက်နေမကောင်းတာ ကြာတယ်။အခုတော့ သက်သာနေပါပြီ။ တစ်ချက်တချက် နှာခေါင်းထဲဝင်လာတဲ့ ညှီနံ့ကြောင့် အစ်မငါးခုတ်နေပြီဆိုတာ သိလိုက်တယ်။ အဖေမရှိတော့တဲ့ မိသားစုလေးမှာ အမေ့ကျန်းမာရေးက တစ်အိမ်လုံးရဲ့စားဝတ်နေရေးနဲ့ဆိုင်ပါတယ်။ အမေဈေးမရောင်းဖြစ်တာနဲ့ ဈေးထဲက အမေ့သူငယ်ချင်း ဆန်ဆိုင်နဲ့ ကုန်ခြောက်ဆိုင်တွေရဲ့ စာရင်းစာအုပ်ထဲ အကြွေးစာရင်းက စာမျက်နှာတိုးလာတော့မှာ ကျွန်တော်သိတယ်။ အမေဈေးရောင်လို့ ကုန်ချိန်ရင်တောင် ခေါက်ပြန်ကြေးနဲ့ချိန်ရတာ၊ဒီနေ့ဝယ် နောက်နေ့ရှင်းသဘောပေါ့။ ကျွန်တော်တို့မောင်နှမက ညနေဆို နောက်တစ်နေ့မုန့်ဟင်းခါးရောင်းဖို့အတွက် ကုန်ခြောက်ချိန်နေကြတဲ့သူတွေမို့ ကြွေးစားရင်းစာအုပ်ထဲက အမေနာမည်ကို သတိထားမိတာပါ။ အဖေမရှိတော့တဲ့နောက် ကြပ်တည်းလာတဲ့စီးပွားရေးကြောင့် ကျွန်တော့်အစ်မက ရှစ်တန်းနဲ့ကျောင်းထွက်ပြီး အမေနဲ့အတူ ဆိုင်မှာကူတယ်။ ကျွန်တော်သာ ကျောင်းဆက်တက်ခွင့်ရတာပေါ့။ အခုဆို အစ်မက အပျိုကြီးလုံးလုံးဖြစ်နေတာကြောင့် ဈေးရောင်းခိုင်းဖို့ အမေက သမီးဖြစ်သူကို စိတ်မချနိုင်ဖြစ်နေတုန်းပေါ့ ။အစ်မကတော့ ဆိုင်ခွဲရောင်းဖို့အထိ အမေ့ကိုပြောနေတာ တခါတခါ ကြားရတယ်။အမေကတော့ခေါင်းခါမြဲပါပဲ။
"ဟဲ့ တို့သားအမိစားဝတ်နေရေးက အမေ့တစ်ယောက်လုပ်စာနဲ့လောက်ပါတယ် ငါ့သားနဲ့သမီး အပင်ပန်းခံရမယ့် အချိန်မဟုတ်သေးသလို အမေလည်း မကြည့်ရက်သေးပါဘူးကွယ် ငါ့အရိပ်မှာ သားတို့သမီးတို့တွေ နားနိုင်သလောက် အေးအေးဆေးဆေးနားစေချင်သေးတယ်''
အမေ့ရဲ့ စကားက အစ်မအတွက် လှုပ်မရအောင် ချည်ပြီးတုတ်ပြီးဖြစ်နေပုံရတယ်။ အမေ့မေတ္တာကို နားလည်လို့ အစ်မငြိမ်နေတယ်လို့လည်း ထင်ပါတယ်။

"မောင်လေးရေ ထမင်းစားမယ်ဟေ့''
စာကျက်နေရာမှ အစ်မအသံကြောင့်နေရာကနေထလိုက်ပြီး အစ်မရှိရှာ အိမ်အနောက်ဘက်ကို အပြေးဝင်သွားလိုက်မိတယ်။
"မောင်လေး ထမင်းစားပွဲကိုသေသေချာချာအဝတ်နဲ့သုတ်လိုက်အုံးသွား ပြီးရင်ပန်းကန်တွေလာသယ်နော်''
"ဟုတ် အစ်မ''

"နေအုံးမောင်လေး သေသေချာချာသပ်သပ်ရပ်ရပ်လေးလုပ် အမေ့အကြောင်းသိတယ်နော် မောင်လေး''
ဆင်းရဲပေမယ့် အမေကအသန့်အပြန့်သိပ်ကြိုက်တတ်တယ်။
ကျွန်တော်ခေါင်းငြိမ့်လိုက်ပြီး အိမ်ရှေ့ထမင်းစားပွဲထောင်ထားတဲ့ နေရာကိုထွက်လာ လိုက်တယ်။ စားပွဲကို သေချာနေရာချလိုက်ပြီး မျက်နှာပြင်ကို ရေစိုအဝတ်နဲ့တစ်ထပ် အဝတ်ခြောက်နဲ့တစ်ထပ် သုပ်လိုက်တယ်။ပြီးမှ အစ်မပြင်ထားတဲ့ ထမင်းနဲ့ဟင်းပန်းကန်တွေကို တစ်ချပ်ချင်းသေချာသယ်ပေးနေလိုက်တယ်။ငါးပိရည်က မနေ့ကတည်းက အကျန်။အစ်မက ပန်းကန်လုံးဘေးကိုသေသေချာချာ လက်ညိုးနဲ့သပ်လိုက်တော့မှ ငါးပိပန်းကန် ဘေးနူတ်ခမ်း အောက်ကြွေသားကပေါ်လာတာ ဖွေးကနဲ့။တို့စရာက ကန်စွန်းရွက်ပြုတ်နဲ့ ဂေါ်ဖီကိုအစ်မက သေချာလှီးထားသေးတယ်။ ဘာရယ်မဟုတ် ထမင်းဝိုင်းလေးရဲ့အလယ်မှာ ကျွန်တော့်ရဲ့ငါးစင်ရိုင်းဟင်းလေးက နေရာယူလို့ နလန်ထ အမေ့ရဲ့ တောင့်တမှုကိုဖြည့်ဆည်းပေးဖို့အသင့်အနေအထားပေါ့။
မကြာခင် အမေအိမ်ရှေ့ရေအိုးနားမှာ သူ့လက်ကိုဆပ်ပြာနဲ့သေသေချာချာထိုင်ဆေးနေတယ်။ ပြီးမှထမင်းဝိုင်းမှာဝင်ထိုင်တယ်။အမေ့ ထမင်းပန်းကန်ထဲကို ကျွန်တော့်ရဲ့ မဆလာနံ့သင်းသင်းလေးနဲ့ ငါးစင်ရိုင်းဆီပြန်ဟင်းလေးက အစ်မလှန်းယူထည့်ပေးလို့ အခန့်သားနေရာယူသွားတယ်။ အမေက ငါးစင်ရိုင်းဟင်းကိုကြည့်လိုက်ပြီးမှ
"သမီး ဒီငါးတွေက သမီးဝယ်လာတာလား''
အမေ့စကားကြောင့် အစ်မမျက်လုံးက ကျွန်တော့်ကိုကြည့်ရင်း
"ဟုတ်အမေ''
စကားကို တိုတိုတုတ်တုတ်ပဲဖြေလိုက်တာ တွေ့တယ်။
"သမီးမှာ ပိုက်ဆံရှိသေးလို့လား''
"သိပ်တော့မရှိတော့ဘူးအမေ''
အစ်မကိုကြည့်ပြီး ကျွန်တော်စိတ်မကောင်းတော့။မနေ့က ပြောတော့ အမေဈေးမထွက်လို့ အိမ်မှာ ကြပ်တည်းလာကြောင်း ဆန်အိုးထဲက ဆန်လဲ သိပ်မရှိတော့ကြောင့် နောက်ဆုံးအမေစားချင်တဲ့ ငါးစင်ရိုင်းဆီပြန်ဟင်းကိုတောင် ချက်မကျွေးနိုင်ကြောင်း ကျွန်တော့်ကိုအိပ်ယာထဲမှာ ပြောထားပြီးသားပါ။အမေ့စကားတွေကိုဖြေရင်း အစ်မ ခေါင်းငုံ့သွားတာသတိထားမိတယ်။
"အေး အမေလဲ သက်သာနေပါပြီ မကြာတော့ဘူး ဆိုင်ပြန်ထွက်ဖြစ်မှာပါ သမီးရယ်''
ပြောပြီး အမေ ပထမဆုံးထမင်းလုတ်ကို ငါးစင်ရိုင်းဟင်းအရည်အသားနဲ့ နယ်ပြီး စားလိုက်တယ်။အဲဒီမှာ အစ်မက ဟင်းပန်းကန်ပေါ်ကိုဝဲနေတဲ့ ယင်ကောင်တစ်ကောင်ကို ဘေးကယပ်တောင်နဲ့အမြန်မောင်းလိုက်တာ အမေသတိထားမိပုံမပေါ်။ကျွန်တော်ကသာ အမေနဲ့အမကို မသိမသာလေ့လာနေရင်း ထမင်းကို ဟုတ်တိပတ်တိမစားဖြစ်သေးဘူး။
"သားငယ် ထမင်းစားလေ ဘာကိုကြည့်နေတာလဲ''
အမေသတိထားမိပြီးလှမ်းပြောမှ ကျွန်တော်ထမင်းကိုငုံ့စား နေလိုက်တော့တယ်။
"ဟယ် အလှတို့သားအမိ ထမင်းစားနေပြီလား''
ကြားလိုက်ရတဲ့ အသံကြောင့် ကျွန်တော်ရင်ထဲ ထိတ်သွားခဲ့တယ်။အမေက
"ဟုတ်တယ် အစ်မစန်းရေ လာ တစ်ခါတည်း ထမင်းဝင်စားသွားပါအုံးလား''
အစ်မကတော့ အန်တီစန်းကို လှန်းပြုံးပြလိုက်တယ်။ ကျွန်တော်ကသာ အိမ်ပေါက်ဝကိုကျောခိုင်းထားတဲ့အနေအထားနဲ့ လှည့်မကြည့်ဖြစ်သေးပါ။
"ဟယ် ဟင်းကမွှေးလိုက်တာနော် ဘာဟင်းလဲဟေ့''
"ဟင်းဟင်း ငါးစင်ရိုင်းဆီပြန်ဟင်းလေ အစ်မစန်း''
"ဟေ ဟုတ်လား တယ်မိုက်ပါလားဟ ငါတောင်စားချင်လာပြီး''
ပြောရင်း အိမ်ပေါက်ဝကနေ အိမ်ပေါ်ကိုတက်လာတဲ့ ခြေသံကို စကြားရပါတော့တယ်။ ကျွန်တော်ခေါင်းငုံ့ထားဆဲ့ပါ။ရင်ထဲတော့ တထိတ်ထိတ် ၊ထမင်းစားရင်း ရင်ခုန်တာ ဒါပထမဆုံးပါပဲ။ခြေသံက အနားကိုရောက်လာခဲ့ပြီး ထမင်းစားပွဲအနားမှာ ထိုင်လိုက်တာ သတိထားမိတယ်။ကျွန်တော်အစ်မကို လှန်းကြည့်တော့ သူကစားနေဆဲ ၊အမေကတာ စားလက်စ ထမင်းလုတ်ကိုကိုင်ထားရင်း အန်တီစန်းကို ဧည့်ခံနေတယ်။
"ဟင်းက မွှေးတာနော် ''
"ဟုတ်တယ် အစ်မရေ မြည်းကြည့်ပါအုံးလား''
အမေ့စကားကြောင့် အန်တီစန်းလက်က ဟင်းပန်းကန်ဆီအရောက် သူအကြည့်က ကျွန်တော့်ဆီရောက်လာတယ်။ဟင်းပန်းကန်ကိုသွားလက်စလက်က လမ်းမှာရပ်သွားပြီး
"ဪ မခင်လှ ဒီငါးတွေက ဝယ်လာတာလား''
"ဟုတ်တယ်လေ အစ်မစန်းရဲ့ ဘာဖြစ်လိုလဲ''
အန်တီစန်းစကားကြောင့် အမေ့မျက်နှာက စိတ်ဝင်စားသလို စိုက်ကြည့်နေတာတွေ့တယ်။အဲဒီအချိန်အစ်မမျက်နှာကလည်း စိုးရိမ်သလိုဖြစ်လာတာ သတိထားမိတယ်။ ကျွန်တော့်ဆိုရင် ပြောမနေနဲ့ အမေ့မျက်နှာကိုသာ စိုးရိမ်တကြီးလှမ်းကြည့်နေမိတယ်။အန်တီစန်းရဲ့ မျက်နှာကိုမကြည့်ချင်တော့။ကြည့်မိရင် ဒေါသဖြစ်မိတော့မယ်။

"အေး အလှရေ နင့်သားနေ့ခင်းက ဈေးတံတားထိပ် အများသုံးအိမ်သာနားမှာ ငါးထိုင်မျှားနေတာ ငါတွေ့တယ်ဟ စားတော့ပါဘူးအေ နင်လည်း နင့်သားကို ပြောထားအုံး တန်ဖိုးမရှိတာနဲ့ဟယ် နောက်ပြီး ငါးစင်ရိုင်းဆိုတာ...ပြောတော့ပါဘူး ငါသွားအုံးမယ် အလှရေ''
စကားလည်းပြောပြီး အန်တီစန်း အိမ်ပေါ်ကနေ ပြန်ဆင်းသွားတော့တာပဲ။ အမေသာ ပါးစပ်အဟောင်းသားနဲ့ကျန်ခဲ့တယ် ။မကြာခင် အစ်မကိုတစ်လှည့် ကျွန်တော့်ကိုတစ်လှည့်ကြည့်နေတယ်။ကြည့်နေရင်း အစ်မခေါင်းငုံကာ ဘယ်ဘက်လက်က သူ့မျက်လုံးကိုပွတ်ပြီးမျက်ရည်သုပ်နေတာတွေ့တယ် ။ထမင်းဆက်မစားတော့ ။အမေက ကျွန်တော့်ကို သေသေချာချာ စိုက်ကြည့်ပြန်တယ်။
အမေ့လက်ထဲက ငါးစင်ရိုင်းအသားစလေးတွေနဲ့ ထမင်းလုတ်ကို လေထဲမှာကိုင်ထားဆဲ။ကျွန်တော်လည်း အမေ့အကြည့်ကို ရင်မဆိုင်ရဲတော့။စူးရှတဲ့အမေ့အကြည့်ဟာ ကျွန်တော် ရင်ထဲကိုစိမ့်ကနဲနေအောင် ထိုးဖောက်ခံလိုက်ရသလိုပါပဲ။ ဒါပေမယ့် ကျွန်တော် အမေ့ကိုစားစေချင်တဲ့စိတ်တစ်ခုနဲ့သာ အမေ့ရဲ့အကြည့်ကို မရဲတရဲအံတုလိုက်မိတယ်။အမေကြိုက်သလို စီမံပါတော့ ၊ပြောပါတော့ လို့ စိတ်ထဲသဘောထားလိုက်ပြီး ပန်းကန်ထဲက စားလက်စ ငါးစင်ရိုင်းကိုခေါင်းဖြုတ်လိုက်ပြီး အရိုးရောအသားပါ ထမင်းနဲ့အတူ ပါးစပ်ထဲထည့်ဝါးနေလိုက်တော့တယ်။ခဏအကြာ အမေကျွန်တော့်ကို့ကြည့်ရင်း လက်ထဲက ထမင်းလုတ်ကလေးက တဖြည်းဖြည်း မြင့်တက်သွားတဲ့ မြင်ကွင်းကို ကျွန်တော်တို့မောင်နှစ်မနှစ်ယောက် အံသြစွာပဲ တွေ့လိုက်ရပါတယ်။အစ်မဆို မျက်ရည်ကြားကနေပြုံးလို့...။

အခန်း (၄)

နောက်တစ်နေ့ ကျွန်တော်အိပ်ယာထတော့ အမေနဲ့ အစ်မအိမ်မှာမရှိကြတော့။ဒီနေ့ ကျောင်းသွားချိန် မုန့်ဖိုးတောင်းရင် ဈေးထဲက အမေ့ဆိုင်ကိုသွားရတော့မယ် ဆိုတာကို ကျွန်တော်ကောင်းကောင်း သဘောပေါက်လိုက်မိတာပေါ့...။

Coin Marketplace

STEEM 0.64
TRX 0.10
JST 0.074
BTC 56391.30
ETH 4542.59
BNB 621.90
SBD 7.22