ှရောင်သေ့စ်များဆီ့

in #esteem3 years ago

“ ရွှေရောင်နေ့သစ်များဆီသို့ ”

(၁)
ဘုရားသွားကျောင်းတက်ဆိုသည့်စကားကို အစကတည်းက မြလဲ့ဝေ အလေးထားခဲ့ခြင်းဖြစ်သည်။ ဒါကြောင့်လည်း တက္ကသိုလ်တက်စဉ်အချိန်က သူငယ်ချင်းမက ရည်းစားမကျတွဲခဲ့ဖူးသောလူတစ်ယောက်ကို မြလဲ့ဝေဘ၀ထဲက ထုတ်နုတ်ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။ အဲဒါက ဘာသာခြားဟူသော အသိဉာဏ်ဖြင့် မြလဲ့ဝေ၏နှလုံးသားတံခါးကို အပြီးတိုင်သော့ခတ်ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ပြောရလျှင် ထိုသူ၏ကိုယ်စိတ်နှစ်ပါးစလုံးအပေါ် မြလဲ့ဝေက အမှတ်ပြည့် ပေးခဲ့မိတာ အမှန်ပင်။

သူငယ်ချင်းတွေကလည်း “ ဘာသာမတူတာလေးတစ်ခုပဲ ပြောစရာဖြစ်နေတာနော်။ ဒီလူက တကယ်ယောက်ျားကောင်းပီသပြီး စိတ်နှလုံးဖြူစင်တဲ့လူဟ၊ ပြီးတော့ နင့်ကိုလည်း အရမ်းတန်ဖိုးထားပြီး ချစ်တာနော်။ ထားခဲ့ရမှာတောင် နှမြောစရာကောင်းလိုက်တာ ” ဟု နှမြောတသစွာ ဝေဖန်ချက်ပေးသည်အထိ နှစ်လိုကြည်ဖြူခဲ့ကြသည်လေ။
တကယ်တမ်း မြလဲ့ဝေ အိမ်ထောင်ပြုတော့ သူမရင်ထဲရှိခဲ့သည့် တစ်စုံတစ်ယောက်ကို ပင်ပန်းကြီးစွာဖယ်ထုတ်လျက် မိဘတွေသဘောတူကြည်ဖြူသည့် ကိုအောင်မြတ်ကိုပင် ရွေးချယ်ဖြစ်ခဲ့သည်။ ဒါက မြလဲ့ဝေနှင့် လူမျိုးတူ ဘာသာတူမို့ ဘုရားသွားကျောင်းတက် အတူတူဖြစ်နိုင်သည့် အခွင့်အရေးတစ်ခုတည်းကြောင့်သာ ဖြစ်သည်။ စင်စစ်တော့ ကိုအောင်မြတ်ဆိုသူ၏ စိတ်နေစိတ်ထားနှင့် ခံယူချက်၊ ယုံကြည်ချက်တို့ကို မြလဲ့ဝေ ဘာတစ်ခုမှ သိရှိခံစားခဲ့သည် မဟုတ်။

ကိုအောင်မြတ်နှင့် မြလဲ့ဝေက အနေနီးသည့် တစ်မြို့တည်းသား မိတ်ဆွေအပေါင်းအသင်းတွေလည်း မဟုတ်၊ မိဘချင်းက စီးပွားဖက်တွေဖြစ်တာကြောင့် ကိုယ့်သား သူ့သမီးရယ်ဟု သိရုံလောက်သာ ရှိခဲ့သူတွေဖြစ်၏။ သို့ပေမဲ့ နှစ်ဖက်မိဘတွေက သဘောကျနှစ်သက်ကြပြီး တိုက်တွန်းကြတော့ မြလဲ့ဝေ မငြင်းသာခဲ့။ ကိုအောင်မြတ်ကိုယ်တိုင်က မြလဲ့ဝေကို ချစ်ခွင့်ပန်ကာ လက်ထပ်ခွင့်တောင်းလာခဲ့တာမို့ မိဘတွေ ဖန်တီးပေးသည့် အိမ်ထောင်ရေးကိုသာ အသာတကြည် ခေါင်းညိတ်လက်ခံခဲ့ခြင်း ဖြစ်သည်။ အဓိက,ကတော့ ကိုအောင်မြတ်ကို ရွေးချယ်ခဲ့သောအကြောင်းက ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုသည့် အချက်တစ်ခုကြောင့်ပင် ဖြစ်၏။

ကိုအောင်မြတ်၏ စိတ်သဘောထားကို မြလဲ့ဝေ အပေါ်ယံလောက်သာ သိခဲ့သည်။ တကယ်တမ်း လင်ရယ် မယားရယ်ဟု နီးနီးကပ်ကပ်ပေါင်းကြည့်တော့မှ သူ့စိတ် သူ့အထာကို တစ်စတစ်စ သိမြင်လာခဲ့ရခြင်း ဖြစ်သည်။ ကံအကြောင်းပါလာ၍ လင်မယားတွေအဖြစ် တစ်မိုးအောက်မှာ နှစ်ယောက်တည်း အတူနေခဲ့ကြရပြီမို့ သူ့ချို့ယွင်းချက်၊ ကိုယ့်အားနည်းချက်ကို ညှိနှိုင်းလျှက် တတ်နိုင်သမျှ အကောင်းမြင်ဝါဒဖြင့် နေထိုင်ဖို့သာ မြလဲ့ဝေ ကြိုးစားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဘယ်အရာမဆို ကံကြောင့်ရယ်ဟု ယုံကြည်နိုင်သော မြလဲ့ဝေသည် ကိုအောင်မြတ်အပေါ် ဇနီးမယားကောင်း ပီသစွာပင် ပြုစုခဲ့သည်။ ဒီလိုနှင့်ပင် သားသမီးနှစ်ယောက်ကို နှစ်နှစ်ကျော်ခြားလျက် မွေးဖွားခဲ့ပြီး မြလဲ့ဝေတစ်ယောက် မိခင်ဘ၀ ရောက်ခဲ့သည်လေ။
××××××××××××××××××××××××××××××

(၂)
ကိုအောင်မြတ်နှင့် မြလဲ့ဝေတို့ အိမ်ထောင်သက် ငါးနှစ်ကျော်ကာလမှာ ပြဿနာကြီးကြီးကျယ်ကျယ်ဖြင့် မရှိခဲ့။ နေရာတိုင်းမှာ သဘောထားမတိုက်ဆိုင်တာလေးတွေကြောင့် မြလဲ့ဝေအတွက် စိတ်ပျက်စရာတွေတော့ များခဲ့သည်။ ဘာသာရေးကိုင်းရှိုင်းသော မိဘနှစ်ပါး၏ အရိပ်အငွေ့တွေက မြလဲ့ဝေဆီမှာ များခဲ့တာကြောင့် ဘာသာရေးအားနည်းသည့် ကိုအောင်မြတ်ကို မိမိတို့ဘက် ယိမ်းယိုင်လာအောင် လက်တွဲခေါ်ယူရတာပဲ မြလဲ့ဝေ၏ ကြီးလေးသော တာဝန်ဝတ္တရားတစ်ခု ဖြစ်လာခဲ့သည်။

ကိုအောင်မြတ်က မိသားစုအပေါ် ၀တ္တရားကျေပွန်သူဆိုပေမယ့် ဒေါသစရိုက်ရှိသူ။ မြလဲ့ဝေက သဒ္ဓါစရိုက် ပြည့်ဝလွန်းသူဆိုတော့ တစ်ခါတစ်ရံမှာ ဘာမဟုတ်သည့် ကိစ္စလေးတွေနှင့်ပင် နှစ်ယောက်သား ညှိနှိုင်းမရဖြစ်နေရသည်။ အိမ်ထောင်သက် ရင့်လာလေလေ ကိုအောင်မြတ်၏ အတွင်းသဘောမနောလေးတွေကို မြလဲ့ဝေ ပိုသိလာရလေလေ။ သူစိမ်းတစ်ယောက်ဆိုလျှင်ဖြင့် ဝေဖန်ချက်ပေးရမည့် အကြောင်းအရာတွေအပေါ် စိတ်ထဲက အပြစ်တင်မိရင်း ရှောင်လွှဲသွားလို့ရနိုင်လျက် ကိုယ့်ခင်ပွန်းသည်ဆိုတော့ ဘာမှပြောချင်စိတ် မရှိလောက်အောင် စိတ်ဓာတ်ကျသွားရသည့် အချိန်မျိုးပင် ရှိလာခဲ့သည်။

ခုပဲကြည့် မြလဲ့ဝေတို့အိမ်မှာ မနက်တိုင်း ဆွမ်းလောင်းနေသည့်ကိစ္စနှင့်ပတ်သက်ပြီး နှစ်ယောက်သား အချေအတင် ဖြစ်ကြရသည်။ မြလဲ့ဝေတို့အိမ်မှာ နေ့စဉ်ပုံမှန် ဆွမ်းလောင်းနေသည့် သံဃာတော်လေးပါး ရှိသည်။ ပြီးခဲ့သည့်ရက်က ကိုရင်လေးတစ်ပါး ရောက်လာကာ မြလဲ့ဝေတို့အိမ်မှာ ဆွမ်းခံခွင့်တောင်းခဲ့၏။ မြလဲ့ဝေကလည်း ကိုရင်လေးကို ဆွမ်းခံလာလှည့်ပါဟု ပျူပျူငှာငှာပင် ဖိတ်ခေါ်ခဲ့၏။ ကိုအောင်မြတ်ကိုမူ ထိုကိစ္စအတွက် သီးသန့်မတိုင်ပင်မိ။ မြလဲ့ဝေတို့ မိသားစုစီးပွားရေးကို ကိုအောင်မြတ်က ဦးဆောင်လုပ်နေသည်ဆိုပေမဲ့ မြလဲ့ဝေကလည်း တတ်နိုင်သမျှ အကြံပေးလျက် ကူညီလုပ်ကိုင်ပေးနေသော ဇနီးတစ်ယောက်ဖြစ်၏။ ထို့အတွက် မြလဲ့ဝေမှာလည်း ဇနီးသည်တစ်ဦးအနေဖြင့် ကိုယ်ပိုင်လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်ရှိသည်ဟု မြလဲ့ဝေ ယူဆထားသည်။ လင်ယောက်ျားကို တိုင်ပင်သင့်သည့်ကိစ္စဆိုလျှင် တိုင်ပင်မည်။ မြလဲ့ဝေတစ်ဦးတည်း ဆုံးဖြတ်နိုင်သည့်ကိစ္စဆိုလျှင် ခင်ပွန်းဖြစ်သူကို ပြောမနေတော့ဘဲ လုပ်စရာရှိသည်ကို လုပ်ဆောင်လိုက်မိ၏။ အချိန်ရလျှင်တော့ အသိပေးတိုင်ပင်မည်ပေါ့။ မလိုသည့်ကိစ္စဆိုလျှင်တော့ ပြောမနေတော့ဘူးပေါ့။

ခုကိစ္စက အလုပ်ခွင်ထဲရောက်နေသည့် ကိုအောင်မြတ်ကို တကူးတက တယ်လီဖုန်းဆက်ကာ တိုင်ပင်နေရမည့် ကိစ္စမဟုတ်။ ဒါက မြလဲ့ဝေအတွေးနှင့် ထင်မြင်မှုသက်သက်။ ကိုအောင်မြတ်၏ သုံးသပ်ချက်ကတော့ ထိုသို့မဟုတ်။ သံဃာတစ်ပါးကို ဆွမ်းတိုးလောင်းမိသည့် ကိစ္စအတွက် မြလဲ့ဝေအပေါ် ကိုအောင်မြတ်၏ ဝေဖန်ပြစ်တင်မှုတွေက ပြင်းထန်လှလေသည်။
“ မင်းက လုပ်ချင်ရာကို စွတ်စွတ်လုပ်တတ်တဲ့အကျင့်က စွဲနေပြီပဲ။ ဘာပဲဖြစ်ဖြစ် ယောက်ျားကို တိုင်ပင်ဖို့လည်း သတိရဦးမှပေါ့။ ပြီးတော့ မင်းကိုကြည့်ရတာ ကိန်းဂဏန်းတွေအပေါ် အစွဲအလမ်းကြီးလွန်းတယ်လို့ ထင်တယ်။ နေရာတကာ (၃)၊ နေရာတကာ (၅)၊ ဆွမ်းလောင်းတာပဲ ကိုယ်နိုင်သလောက် နှစ်ပါးဖြစ်ဖြစ်၊ လေးပါးဖြစ်ဖြစ် ဘာဖြစ်သွားမှာမို့လဲ။ ဆွမ်းခံလာရပ်သမျှ လက်ခံမယ်ဆိုရင် နောက်ထပ် ဂုဏ်တော်ကိုးပါး ရှိသေးတာပဲ။ (၉) ပါးထိရှိအောင် ဆွမ်းခံဖိတ်လိုက်ပါလား။ ကလေးမွေးတာကျတော့ သရဏဂုံ (၃) ပါးဆိုပြီး သုံးယောက် မမွေးသေးဘူးလား။ မင်း ဒီလောက် အပင်ပန်းခံနိုင်နေမှတော့ ငါးယောက်လောက် မွေးပါတော့လား ”

မြလဲ့ဝေတစ်ယောက် ငိုရခက်ခက် ရယ်ရခက်ခက် ဖြစ်သွားခဲ့ရ၏။ “ ဖြစ်နိုင်ရင်တော့ ကျွန်မက နေ့စဉ် သံဃာ ၁၀၈ ပါးလောက် ဆွမ်းလောင်းချင်တာ ” ဟု ပြောချင်မိပေမယ့် နှုတ်ကထွက်မလာအောင် တားဆီးလိုက်ရ၏။
ဇနီးဖြစ်သူက ကောင်းအောင်ပြုထားသည့် ကုသိုလ်တစ်ခုအပေါ် သူ့မှာတော့ အကုသိုလ်တွေ ဖြစ်နေလိုက်တာ။ ရုတ်တရက်ဆိုတော့ မြလဲ့ဝေ စိတ်ဆိုးသွားမိပေမယ့် သက်ပြင်းခိုးချကာ ကိုအောင်မြတ်ကို ပြန်ပြောဖို့ စကားလုံးတွေကို အလျင်စလို စဉ်းစားရွေးချယ်လိုက်ရ၏။ သူ့မကျေနပ်ချက်အတွက် ကိုယ်ကတစ်ဖန် မကျေနပ်ဖြစ်နေလျှင် သူမတို့နှစ်ယောက် ရန်ထပ်ဖြစ်ဖို့သာ ရှိသည်မဟုတ်လား။

“ သြော် အစ်ကိုက မြလဲ့အတွက် စိတ်ပူနေတာကိုး၊ မြလဲ့ အလုပ်မပိုပါဘူး အစ်ကိုရယ်၊ မြလဲ့အလုပ်တွေ မြလဲ့ နိုင်ပါတယ်။ မြလဲ့ ရန်ကုန်မှာ ကျောင်းတက်တုန်းကတောင် အဆောင်မှာနေရင်း ဆွမ်းလောင်းခဲ့တဲ့သူပါ။ ရုံးတစ်ဖက်နဲ့လည်း ဆွမ်းလောင်းမပျက်ခဲ့ပါဘူး။ လူဆိုတာ ကိုယ်ပိုလုပ်ချင်တဲ့အလုပ်ရှိရင် ၀ီရိယပိုစိုက်လိုက်ဖို့ပဲ လိုတာပါ။ အိမ်မှာ မြလဲ့က အေးအေးဆေးဆေး ချက်ပြုတ် စားသောက်နေရတာပဲဟာ။ အစ်ကိုက စီးပွားရေးကို အားစိုက်လုပ်နေရတော့ အစ်ကို့အတွက်ပါ မြလဲ့ ပိုလုပ်ပေးချင်လို့ပါ။ ခုဆွမ်းခံလာတဲ့ ကိုယ်တော်လေးက တစ်နယ်ခြားက ရောက်လာတဲ့ စာသင်သားလေးပါ။ ဆွမ်းခံစရာအိမ်လည်း မရသေးတဲ့ ကိုရင်လေးပါ။ ကိန်းဂဏန်းတွေအပေါ် မြလဲ့ အစွဲအလမ်းထားလို့ မဟုတ်ပါဘူး အစ်ကိုရယ်…
…. ကိုယ်လုပ်တဲ့ကုသိုလ်တစ်ခုအပေါ် ကုသိုလ်စိတ်ထားပြီး စိတ်ကြည်အောင် မှတ်သားပြောလိုက်တာပါ။ သံဃာငါးပါးကို ဆွမ်းလောင်းရတယ်ဆိုတော့ စိတ်ထဲမှာ အနန္တောအနန္တငါးပါးကို ဦးထိပ်ထားတဲ့သဘောဆိုပြီး ကုသိုလ်ပိုဖြစ်အောင် တွေးလိုက်တာမျိုးပါ။ တစ်ပါးတည်း ဆွမ်းလောင်းခဲ့တုန်းကလည်း ကြည်ကြည်ညိုညို ဆွမ်းလောင်းခဲ့တာပါပဲ။ နှစ်ပါးဆွမ်းလောင်းခွင့်ရတော့လည်း အပန်းမကြီးဘဲ တရိုတသေ ဆွမ်းကပ်ခဲ့တာပါပဲ။ အစ်ကိုပြောတာကို မြလဲ့ သဘောပေါက်ပါတယ်။ မြလဲ့ ပင်ပန်းမှာ စိုးလို့ ခြေနိုင်လက်နိုင်လုပ်ဖို့ပြောတယ်ဆိုတာကို နားလည်ပါတယ်။ မြလဲ့ကို စိတ်မဆိုးပါနဲ့နော် အစ်ကို ”

မြလဲ့ဝေက အဲ့သလို လေပြေအေးနှင့် ခွန်းချိုစကားဆိုလိုက်တော့လည်း ကိုအောင်မြတ်မျက်နှာက အကြောတွေပြေလျော့သွားရသည်ချည်း။ ကိုအောင်မြတ်ဆိုသူက မြလဲ့ဝေလို သဒ္ဓါတရားအားကောင်းသူမဟုတ်၊ စီးနှဲဝန်တိုတတ်သူ။ လောဘ၊ ဒေါသ အားကောင်းသူ။ ဒီလူအကြောင်းကို မြလဲ့ဝေ သိရှိပြီးဖြစ်နေလျက် ဇနီးမယားကောင်း ပီသစွာ ထိန်းသိမ်းပြုပြင်မပေးနိုင်လျှင် သူ့စရိုက်တွေ ကိုယ့်ထံပါး ကူးစက်လာဖို့သာ ရှိသည်ပဲ။ လူဆိုသည်က အနေနီးလျှင် အကြိုက်ချင်းရော စရိုက်ချင်းပါ နီးလာတတ်ကြသည်မှာ သဘာဝ။ ဒီတော့ မြလဲ့ဝေ၏ ခံယူချက်က မိမိ၏ကောင်းမြတ်သော စရိုက်လက္ခဏာများသာ ထိုသူ့ထံ၌ နီးစပ်စွာ ကူးစက်သွားစေရမည်။ ထိုသူ၏ ချို့ယွင်းချက်များ သူမထံသို့ မကူးစက်စေရ။ ကိုအောင်မြတ် ဘာကိုကြိုက်သလဲဆိုတာ မြလဲ့ဝေ သိတန်သလောက် သိပြီးပြီ။ ဆိုမှဖြင့် ခင်ပွန်းဖြစ်သူ ဒေါသပွားလျှက် ပြဿနာကြီးထွားလာစေသော အပြောမျိုးကို မြလဲ့ဝေ ရှောင်တတ်လာသည်။ တစ်စုံတစ်ခုသောအကြောင်းကိစ္စအပေါ် တစ်ဖက်လူက မေတ္တာမထားနိုင်စွာ အကုသိုလ်စိတ်ဖြင့် ပြောဆိုလာပြီဆိုလျှင် တစ်ဖက် မေတ္တာအရင်းခံစိတ်ဖြင့် ကုသိုလ်စိတ်မွေးလျက် သည်းခံခြင်းကသာ အထိရောက်ဆုံး တုံ့ပြန်မှုဖြစ်လိမ့်မည်။ လိုရင်းသည် ကုသိုလ်ဖြစ်ဖို့၊ အကုသိုလ်ဖြစ်စေဖို့မဟုတ်။

“ ရှင်က သဒ္ဓါတရားတော်တော်နည်းတဲ့လူပဲ ” ဟူသော မှတ်ချက်မျိုးကို မြလဲ့ဝေနှုတ်က ဘယ်တုန်းကမှ ထုတ်ဖော်မဟဖူးခဲ့။ ကိုအောင်မြတ်က နာမည်ကြီး လူချမ်းသာသူဌေးတစ်ယောက် မဟုတ်ပေမယ့် အစစအရာရာ ခက်ခဲကျပ်တည်းနေသော ခေတ်ကြီးထဲမှာ ငွေရှာကောင်းသူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ ကိုအောင်မြတ်က ရေသန့်သောက်ရမှာပင် ငွေအပိုကုန်သည်ဟု သတ်မှတ်ချင်သူမျိုး။ စည်းစနစ်ကြီးလွန်းသလို ဒေါသလည်း မသေးလှသည့် ကိုအောင်မြတ်က မြလဲ့ဝေ၏ သဒ္ဓါစရိုက်အပေါ် အသုံးအဖြုန်းကြီးသည်ဟုပင် မှတ်ချက်ပြုချင်သူမျိုး ဖြစ်လေသည်။ စင်စစ် မြလဲ့ဝေဆိုသည့် မိန်းမက ကိုယ်ဝတ်ဖို့ထက် သူတစ်ပါးကိုပေးဖို့သာ စိတ်ဝင်စားတတ်သူ။

မြလဲ့ဝေက သူမသာ မနက်စာ ထမင်းအငတ်ခံချင်ခံမည်။ သံဃာတော်တွေဖြင့် ဆွမ်းဟင်းမလစ်ဟင်းစေရ။ ဒီအလုပ်ကို မြလဲ့ဝေမိဘတွေ အိမ်မှာနေစဉ်ကလည်း လုပ်ခဲ့။ တစ်ယောက်တည်း ကျောင်းတက်စဉ်ကပင် မပြတ်ခဲ့။ မြလဲ့ဝေ မိဘများနှင့် အတူနေစဉ်က အရုဏ်ဆွမ်းပင် ချက်လောင်းခဲ့သည်။ အရုဏ်ဆွမ်းချက်ဖို့ကို မြလဲ့ဝေတို့ မိသားစုဝင်များအားလုံး တက်ညီလက်ညီ ရှိခဲ့ကြသည်။
မနက်မိုးမလင်းခင် အရုဏ်တက်ဆွမ်းလောင်းလှူရသည့် ခံစားမှုက ခုပြန်တွေးမိလျှင်ပင် ခုတွေးသည့်အချိန် ကြည်နူးပီတိဖြစ်ရသေး၏။ မြလဲ့ဝေ ကိုအောင်မြတ်နှင့် လက်ထပ်ပြီးနောက်ပိုင်း ကာလများမှာ အရုဏ်ဆွမ်းနှင့် ဝေးခဲ့ရ၏။ မြို့ကြီးပြကြီးမှာ အိမ်ထောင်ကျလျက် အလုပ်တစ်ဖက်နှင့်ဆိုတော့ တစ်လမှာ တစ်ရက်လောက်သာ ဆွမ်းချိုင့်ကုသိုလ်ယူနိုင်ခဲ့၏။ မြလဲ့ဝေ အလုပ်ကထွက်ပြီးမှ နီးစပ်သမျှ သံဃာတော်များကို ဆွမ်းဖိတ်လျက် ဘာသာရေးကုသိုလ်ရေး ပို၍အလေးပေးခဲ့ခြင်းဖြစ်သည်။ ယခုတော့ မြလဲ့ဝေတို့ မိဘများဇာတိမြေမှာ အခြေချနိုင်ပြီမို့ ဆွမ်းကွမ်းကိစ္စ စိတ်အေးလက်အေး ဆောင်ရွက်နိုင်ခဲ့လေပြီ
ဖြစ်၏။
××××××××××××××××××××××××

(၃)
ကိုအောင်မြတ်က အလုပ်လောဘကြီးသည့်အတွက် မြလဲ့ဝေနှင့် ဘုရားသွားကျောင်းတက် လိုက်ဖက်မညီသူ ဖြစ်လေသည်။ သားသမီးနှစ်ယောက် ဖခင်ဘ၀မှ သုံးယောက်ဖခင်ဘ၀ ရောက်လာချိန်မှာတော့ ကိုအောင်မြတ် လောဘတွေက ပိုလို့ပင် ခေါင်းထောင်ထလာ၏။ သားနှစ်ယောက်အတွက် သမီးလေးအတွက် ချစ်ဇနီးအတွက်ဆိုသည့် ငါပိုင်သော အတ္တတွေနှင့် ကိုအောင်မြတ် အသက်လေးဆယ်မပြည့်ခင် ဆံပင်တွေ ဖြူလာခဲ့သည်။ ကိုအောင်မြတ် အသက်ငါးဆယ်နီးသည့်အရွယ်မှာတော့ မြလဲ့ဝေပင် ဆံပင်နက်ဆေးဆိုးပေးလို့ လက်မလည်နိုင်အောင် ကိုအောင်မြတ် တစ်ခေါင်းလုံး ဖွေးဖွေးလှုပ်ခဲ့လေပြီ။

သားသမီးတွေက “ အဖေက ဆံပင်ဆိုးဆေးလေးနဲ့မှ ကြည့်ကောင်းတာ၊ ဆိုးဆေးတွေပျက်အောင် ကြာကြာမနေပါနဲ့ ” ဟု ဆိုကြသဖြင့် သူ့ခမျာလည်း ဆိုးဆေးမပျက်အောင် မကြာမကြာ ဆိုးရရှာလေသည်။
ထိုအချိန်ထိ မြလဲ့ဝေက ဆံပင်မဖြူခဲ့။ စင်စစ် ကိုအောင်မြတ်က မြလဲ့ဝေထက် (၅) လကျော်သာ အသက်ကြီးသူ၊ ပြောရလျှင် သက်တူရွယ်တူ။ မြလဲ့ဝေက ရှိသည့်အသက်ထက် အရွယ်က နုပျိုလွန်းနေတော့ ကိုအောင်မြတ်က မကျေမချမ်းဖြစ်ပြန်သေး၏။ “ မင်းက အမေလုပ်နေပြီး ကိုယ့်ကလေးအတွက်မပူဘဲ အလကားမတ်တင်း ကြီးတော်နွားအငှားကျောင်းချင်နေလို့ မင်းကို နုသလေး ပျိုသလေး မြှောက်ပင့်ပြောနေတာတွေ အဟုတ်ထင်မနေနဲ့။ အသက်ကို လိမ်လို့မရပါဘူး ” ဟု ကိုယ့်မိန်းမကိုယ်ပင် ပြဿနာရှာချင်သေး၏။

မြလဲ့ဝေက မိခင်ပီသစွာ သား၊ သမီးတွေအပေါ် ပြုစုစောင့်ရှောက်ခဲ့ပေမဲ့ ငါ့သား ငါ့သမီးဆိုသော အတ္တကြီးဖြင့် အူတုန်သဲလှိုက် အဖြစ်သည်းပြနေသည့် အမေမျိုးမဟုတ်ခဲ့။ မြလဲ့ဝေ မိဘတွေကလည်း မြလဲ့ဝေကို အတ္တအစိုင်အခဲကြီးသက်သက်မဖြစ်အောင် သွန်သင်ခဲ့ကြသည်ပဲ။
ကိုအောင်မြတ်ကတော့ သားသမီး အတ္တတွေဖြင့် ခေါင်းခဲလေးလံနေသော ဘ၀ထဲမှာပင် အသားကျနေခဲ့သည်။ သား၊ သမီးတွေ ကျန်းမာရေး၊ ပညာရေးအတွက် သိန်းရာချီအကုန်ခံဖို့ ၀န်မလေးသော ကိုအောင်မြတ်သည် မြလဲ့ေ၀၀န်းကျင်က ဆင်းရဲနွမ်းပါးသည့် ကလေးတွေအတွက် ဗလာစာအုပ်လေးတစ်ဒါဇင်လောက် အလှူခံသည်ဆိုလျှင်ပင် အင်း-အဲ လုပ်တတ်သူမျိုးဖြစ်၏။ ဒီတော့ မြလဲ့ဝေက တတ်စွမ်းသမျှ သိသမျှ တတ်သမျှလေးဖြင့် တရားချသူလုပ်ရလေသည်။

“ အစ်ကိုရယ် တွေးကြည့်မယ်ဆိုရင် သံသရာကြီးက လည်နေတာမှ ဘ၀ပေါင်းများစွာမဟုတ်လား။ တကယ်တော့ ခုဘ၀ ကိုယ့်သားသမီးဆိုတာတွေက အရင်ဘ၀က ကိုယ့်မိခင်၊ ကိုယ့်မောင်နှမ၊ ကိုယ့်သူငယ်ချင်းအားလုံး ဖြစ်နိုင်တာပဲ။ သံသရာဘ၀အဆက်ဆက်မှာ ဆွေမျိုးမတော်စပ်ခဲ့ဖူးသူ မရှိဘူးမဟုတ်လား။ ခုဘ၀ ကိုယ်နဲ့ သွေးသားမတော်စပ်လည်း သူတို့က နောင်ဘ၀ ဘ၀တွေမှာ တော်စပ်ချင် တော်စပ်လာမှာပဲ။ ကိုယ်တတ်နိုင်သမျှ ကိုယ်နဲ့ နီးစပ်သမျှ ပတ်ဝန်းကျင်ကို အကျိုးပြုပေးတာ ကုသိုလ်အလုပ်ပါ အစ်ကိုရယ်
မပြည့်တဲ့အိုးကို ဖြည့်ပေးရတာက သူလည်း အကျိုးရှိ ကိုယ်လည်းအကျိုးများတဲ့အလုပ်ပါ အစ်ကို။ တစ်ခါတလေကျတော့ မြလဲ့တို့ရဲ့ စည်းစိမ်ထိခိုက်လောက်အောင် ပေးကမ်းတာမျိုးမဟုတ်တဲ့ တခဏအလှူလေးက သူတို့ခမျာအတွက် တစ်ဘ၀လုံး ကောင်းသွားစေအောင် အကျိုးများလှတာပါ။ မြလဲ့တို့ သားသမီးတွေကို ကျောင်းကောင်းကောင်းမှာ ထားနိုင်တယ်။ လိုလေသေးမရှိ ပံ့ပိုးပေးထားတယ်။ ဒီကြားထဲက ကိုယ့်သား၊ သမီးမဟုတ်ပေမယ့်လည်း မြလဲ့တို့နဲ့ နီးစပ်သမျှ ချို့တဲ့တဲ့ကလေးတွေကို ပညာသင်စရိတ် ထောက်ပံ့ပေးလိုက်လို့ မြလဲ့တို့မိသားစုမှာ ဘာတစ်ခုမှ ထူးပြီး ဆုံးရှုံးသွားတာမဟုတ်ပါဘူး။ တကယ်တော့ စေတနာမေတ္တာသန့်သန့်နဲ့ ပေးသမျှဟာ ပြန်ရတာချည်းပါပဲ အစ်ကို ”

မြလဲ့ဝေက ကိုအောင်မြတ်စိတ်ထဲ မစ္ဆရိယစိတ်တွေ မဖြစ်ပေါ်ရလေအောင် လေပြေတိုးရင်း ကိုယ်လျှောက်နေသည့် လမ်းမှ မသွေဖယ်မိစေဖို့ ကြိုးစားခဲ့ရ၏။ တကယ်တော့ မြလဲ့ဝေက ကိုယ့်မိသားစုကို ပျော်ရွှင်အောင် ဖန်တီးပေးရင်း ပရဟိတ အလုပ်တွေထဲ သက်ဝင်လှုပ်ရှားချင်နေသူ။ ကိုအောင်မြတ်ကတော့ဖြင့် မိသားစုသီးသန့်ဘ၀ကို ဆုပ်ကိုင်ထားချင်လျက် အတ္တများဖြင့် လှုပ်ရှားရုန်းကန်နေချင်သူ။ သို့ပေမယ့် စရိုက်ချင်းမတူညီသည့် မိမိတို့နှစ်ယောက်ဘ၀သည်ပင် ကံအကြောင်းကြောင့် ဖြစ်လာခဲ့လေသည်ဟု မြလဲ့ဝေ ဖြေသိမ့်လာနိုင်ခဲ့လေပြီ။

ဘာသာတရားကို သက်ဝင်ယုံကြည်လွန်းသူမို့ အင်မတန်သဒ္ဓါတရားအားကောင်းသည့် တစ်စုံတစ်ယောက်ကိုပင် စွန့်လွှတ်ခဲ့ရသည့်အခြေအနေမျိုးမှာ ကိုယ်နှင့်စရိုက်မညီ ခံယူချက်မတူသည့် ကိုအောင်မြတ်နှင့်မှ ဖူးစာဆုံခဲ့ရသည်ဆိုတော့။ ဒါက မြလဲ့ဝေပြုခဲ့ဖူးသည့် အကြောင်းကံမဟုတ်လျှင် ကိုအောင်မြတ်ပြုခဲ့ဖူးသည့် အကြောင်းကံကြောင့်ပေပဲပေါ့။
ဘယ်လိုပင်ဖြစ်စေ မြလဲ့ဝေ၏ သဒ္ဓါစရိုက်က သား၊ သမီး သုံးယောက်စလုံးမှာ ပါလာခဲ့သည်မို့ မြလဲ့ဝေ ကျေနပ်မဆုံး ဖြစ်ရပါသည်။ သား၊ သမီးတွေ ငယ်ငယ်ကပင် “ အမေကျ လက်ဖွာပြီး အဖေက ဘာလို့ဒီလောက် ကပ်စေးနဲနေရတာလဲ ” ဟု မေးခဲ့ဖူးတော့ “ ကလေးတို့အဖေက အမေ့အကြောင်းကို သိတယ်လေ၊ အမေက နေရာတကာ လှူချင်တန်းချင်နေတော့ တော်ကြာ သားတို့ သမီးတို့ကိုပါ လှူပစ်လိုက်မှာစိုးလို့ ထိန်းသိမ်းနေတာပါကွယ်။ သားတို့သမီးတို့ အဖေရှာဖွေပေးနေလို့ အမေက ခုလို လှူနိုင်နေတာပေါ့ ” ဟု ဖခင်အပေါ် အမြင်မစောင်းရအောင် ဖြေသိမ့်ရှင်းလင်းရသေး၏။ မြလဲ့ဝေ အလှူအတန်းတစ်ခုခု ပြုမည်ဆိုတိုင်း ကိစ္စတော်တော်များများမှာ ကိုအောင်မြတ်နှင့် အချေအတင်ဖြစ်လေ့ရှိတာကို သား၊ သမီးတွေလည်း သိခဲ့ကြသည်ပဲ။ ကိုအောင်မြတ်က မြလဲ့ဝေ အလှူလုပ်မည်ဆိုလျှင် အလုပ်ရှုပ်သည် လူရှုပ်သည်၊ ကိစ္စပိုသည်ဟု ထင်လျက် အပျက်ဖက်က တွေးသောကြောင့် ပြဿနာတက်ရခြင်း ဖြစ်လေသည်။

ကိုအောင်မြတ်က နေရာတိုင်းမှာ အလိုမကျဖြစ်တတ်သူဖြစ်၏။ ဆွမ်းလောင်းသည့်ကိစ္စကအစ ဂျီးများတတ်သူ ဖြစ်၏။ အလှူခံပုဂ္ဂိုလ်ကို ခွဲခြားချင်သူ ဖြစ်၏။ မြလဲ့ဝေက သံဃာဆိုလျှင် ကြီးကြီးငယ်ငယ်၊ တောထွက် ငယ်ဖြူ ပုဂ္ဂိုလ်မရွေး အလျဉ်းသင့်သလို ဆွမ်း၊ ကွမ်း၊ ၀တ္ထု၊ သင်္ကန်း တတ်စွမ်းသမျှ လှူဒါန်းခဲ့သည်ချည်း။ ကိုအောင်မြတ်ကမူ “ မင်းဟာ ချွတ်တီးချွတ်တောက်ကွာ၊ လှူချင်တယ်ဆိုလည်း ထေရ်ကြီးဝါကြီး ဘုန်းကြီးလေးဘာလေးမှ လှူပါတော့လား ” ဟူသော အပြောမျိုးဖြင့် သဒ္ဓါပျက်အောင် လုပ်တတ်၏။

မြလဲ့ဝေကတော့ (၇) နှစ် (၈) နှစ် အရွယ် ကိုရင်လေးဖြစ်သော်လည်း အလှူခံပုဂ္ဂိုလ်ကို အရင့်အမာသံဃာတစ်ပါးနှယ် သဘောထား ရည်မှန်းခဲ့သည်သာ။ (၇) နှစ်အရွယ်နှင့် ရဟန္တာဖြစ်ခဲ့သော အရှင်တိဿမထေရ်မြတ်ပင် ရှိခဲ့ဖူးသည်ပဲ။ သံဃာမှန်လျှင် မြလဲ့ဝေက ကြည်ညိုပြီးဖြစ်၏။ ကိုယ့်သားနှစ်ယောက် (၇) ရက်လောက် သင်္ကန်းစည်းဖို့ပင် နည်းမျိုးစုံဖြင့် သိမ်းသွင်းခဲ့ရတာမို့ မူလတန်းအရွယ် ကိုရင်လေးတွေဖြစ်လျှင်လည်း စာတတ်ပေတတ် တကယ့်သံဃာတော်ကြီး ဖြစ်စေချင်သော စေတနာမှန်ဖြင့် လိုအပ်သမျှ ဖြည့်ဆည်းပေးချင်မိ၏။ ဗုဒ္ဓသာသနာတော် အရှည်တည်တံ့ခိုင်မာဖို့ဆိုသည်က အခြေခံကောင်းရှိသော သံဃာတော်များကို ပြုစုစောင့်ရှောက်ဖို့ ပို၍အရေးကြီးသည် မဟုတ်လား။

ကိုရင်လေးကို အလှူပြုသည့်အတွက်ကြောင့် ကိုသိုလ်နည်းမည် ယူဆကာ ဆွမ်းမလောင်း၊ သင်္ကန်းမကပ်လျှင် ကိုရင်လေးလည်း လူဝတ်လဲလိုက်ဖို့သာ ရှိသည်ပဲ။
ဘာပဲဖြစ်ဖြစ် မြလဲ့ဝေကဖြင့် မြတ်သောအကျင့်ကို ကျင့်နေကြသည့် သံဃာတော်များကို ဆွမ်းလောင်းလှူခွင့်ကြုံတိုင်း တကယ့်ရဟန္တာ အရှင်မြတ်ကြီးတွေအလား ရည်မှန်းမိလျက် သဒ္ဓါတရားထက်သန်စွာ ဆွမ်းလောင်းလှူမိသည်သာ။

တကယ်ဆိုတော့ အလှူပြုခြင်းသည် စေတနာအရင်းခံသော ဒါနသာဖြစ်၏။ အလှူမပြုမီ ပုဗ္ဗစေတနာက ရှေ့သွားပြုပေးရပြီး လှူဒါန်းမှု မုဉ္စစေတနာလှူဒါန်းပြီးနောက် အပရစေတနာတို့ကလည်း အရေးကြီးသောနေရာမှ ပါဝင်နေသည်မဟုတ်လား။ မလှူမီက ပုဗ္ဗစေတနာပျက်လျှင် ငယ်ရွယ်စဉ်ကပင် အကျိုးပေး ချို့ယွင်းတတ်ပုံ၊ အပရစေတနာပျက်လျှင် အိုမင်းသောအခါ ဆင်းဆင်းရဲရဲ ဖြစ်ရပုံ၊ မုဉ္စစေတနာ ပျက်ကွက်ပါမူ အင်္ဂါချို့တဲ့ခြင်းဖြစ်တတ်ပုံတို့ကို ဇာတ်တော် နိပါတ်တော်များတွင် ရှင်းလင်းဖော်ပြထားပြီး ဖြစ်သလို မြလဲ့ဝေကလည်း သားသမီးများကို ရှင်းပြထားခဲ့တာကြောင့် ကလေးများအားလုံး ကံကိုယုံကြည်လျက် စေတနာသဒ္ဓါတရား အားကောင်းသူတွေ ဖြစ်လာခဲ့ကြသည်လေ။
××××××××××××××××××××××××

(၄)
မြလဲ့ဝေနှင့် ကိုအောင်မြတ် အိမ်ထောင်သက် သုံးဆယ်ပြည့်ခါနီးအချိန်ရောက်တော့ သား၊ သမီးတွေက တစ်နယ်စီခြားလျက် အလုပ်အကိုင်ကိုယ်စီနှင့် ဖြစ်နေကြလေပြီ။ တစ်ခါတစ်ရံ မိဘအိမ်မှာ အလှူအတန်းထူးထူးခြားခြား ပြုမှာသာ သားသမီးတွေ ပါဝင်စေချင်လွန်း၍ မိသားစုစုံအောင် မရမက ခေါ်ယူရလေ၏။ သားကြီးက နိုင်ငံရပ်ခြားမှာ ပညာသင်ခွင့်ရပြီး အလုပ်ပင်လုပ်နေခဲ့တာ နှစ်အတန်ငယ်ကြာခဲ့ပြီမို့ မိသားစုစုံညီဖို့ကိစ္စက အလှူကြီးပေးရမှာထက်ပင် ခက်ခဲသောအခြေအနေ ဖြစ်နေခဲ့ပြီလေ။ ကိုအောင်မြတ်နှင့် မြလဲ့ဝေဆိုသည့် မိဘနှစ်ပါးက သားသမီးတွေ ပညာထွန်းပေါက်အောင် ပြုစုနိုင်ခဲ့ပေမယ့် သားသမီးသုံးယောက်စလုံး မိဘအနား မနေနိုင်ကြတာကဖြင့် ကံတရားကြောင့်ပင် ဖြစ်ပေလိမ့်မည်။

သားသမီးတွေဘ၀ မြင့်သည်ထက်မြင့်ဖို့သာ မြင်ချင်ခဲ့သော မိဘဆန္ဒကြောင့် မိဘနားနေလျက် ရသင့်သည့် လူ့အခွင့်အရေးနှင့် မြင့်မားသောလူ့အဆင့်အတန်းတွေ ဆုံးရှုံးရမှာကိုလည်း မြလဲ့ဝေတို့ မလိုလားခဲ့။
သားကြီးက စင်ကာပူမှာ အခြေကျလာတော့ ညီမလေးကို လာစေချင်ပါသည်ဆိုသောအခါလည်း သမီးလေးရှေ့ရေးအတွက် သမီးသွားချင်သွားပါဟု ခွင့်ပြုခဲ့ရသည်လေ။ တစ်ဦးတည်းသော သမီးလေးမို့ ကိုအောင်မြတ်ရော မြလဲ့ဝေပါ သမီးကို မျက်စိအောက်မှာသာ ရှိစေချင်ခဲ့တာ ရင်ထဲကဆန္ဒအမှန်။ သို့ပေမဲ့လည်း ချစ်သမီးငယ်က မရောက်ဖူးသည့်ခရီးမို့ ငယ်ရွယ်စဉ် ခဏ အတောင်ပံဖြန့် ပျံသန်းချင်ပါသေးသည်ဆိုတော့ သမီးအနာဂတ်ကို သမီးဆန္ဒအတိုင်း ဖြစ်စေခဲ့သည်။ သားငယ်ကတော့ ရန်ကုန်မြေကို မခွာနိုင်သူမို့ ရန်ကုန်မြို့ကြီးမှာပင် အလုပ်လုပ်လျက်ရှိလေ၏။ မကြာခင်မှာ သားငယ်က အလုပ်ခွင်မှ မိန်းကလေးတစ်ဦးနှင့် လက်ထပ်ပေတော့မည်။

ပြောရလျှင်တော့ သားသမီးတွေအတွက် မြလဲ့ဝေနှင့် ကိုအောင်မြတ် စိတ်အေးချမ်းသာရှိခဲ့ရသည်။ ဂုဏ်ယူကျေနပ်ခဲ့ရသည်။ သားသမီးအကျိုးကို ခံစားခဲ့ရပြီဟုသာ ဆိုရမည်။ သားကြီးဆိုလျှင် အလှူအတန်းရက်ရောသော မိခင်စိတ်တိုင်းကျ လှူနိုင်တန်းနိုင်အောင် လစဉ်ကန်တော့နေသည့် ငွေပမာဏမှာ ကိုအောင်မြတ်ပင် နှစ်စဉ်မပေးနိုင်သော ပမာဏဖြစ်၏။ မြလဲ့ဝေက အားနာလွန်း၍ သားရှေ့ရေးအတွက် သားစုထားပါဟု တားသည့်ကြားကပင် သားက လူပျိုကြီးလုပ်မှာဟုဆိုလျက် ပေးမြဲပေးဆဲ။ မြလဲ့ဝေနှင့် ကိုအောင်မြတ်အပါးမှာဖြင့် သားသမီးတွေ ကြာကြာမနေနိုင်ကြ။ မိဘတွေနှင့် သုံးလေးရက်လောက် အတူနေဖို့ကိုပင် သူတို့ခမျာ ရက်ပေါင်းများစွာ ကြိုတင်စီစဉ်ပြီးမှ အရောက်လာကြရတာ။

ခုပဲကြည့် ကိုအောင်မြတ်နှင့် မြလဲ့ဝေတို့ မင်္ဂလာနှစ် (၃၀)ပြည့် အထိမ်းအမှတ်အနေနှင့် သာသနပါလ နေ့စဉ်အာရုံဆွမ်းလောင်းအသင်းကြီးမှ တာဝန်ယူ၍ ဆွမ်းလောင်းမည့်အလှူပွဲကြီးသို့ သားသမီးသုံးယောက်စလုံးကို လာစေချင်လွန်း၍ လွန်ခဲ့သည့်နှစ်ကတည်းက ကြိုတင်မှာကြားခဲ့ရတာ။ ဒီတစ်ခါတော့ အသက်ကြီးလာလို့ပေလားမသိ။ မြလဲ့ဝေ၏ အလှူတော်ကြီးအတွက် ကိုအောင်မြတ် မည်သို့မှ ပြဿနာမရှာတော့၊ စောဒက မတက်တော့။

အလှူသို့ သားသမီးသုံးယောက်စလုံး အရောက်လာ၍ ပါဝင်လောင်းလှူကြမည်ဆိုသဖြင့် ကိုအောင်မြတ် မျက်နှာတပြုံးပြုံးဖြစ်နေလေသည်။ တကယ်တော့ ကိုအောင်မြတ်ဒေါသတွေ တဖြည်းဖြည်းချင်း လျော့ပါးမှေးမှိန်လာခဲ့တာ အချိန်ကြာခဲ့ပြီဖြစ်၏။ ခါတိုင်းလို မြလဲ့ဝေတစ်ယောက် အာပေါက်လောက်အောင် တရားချနေစရာမလိုတော့။ မြလဲ့ဝေနှင့်အတူ နှစ်ပေါင်းသုံးဆယ် အနီးကပ်နေထိုင်ခဲ့သည့် ကိုအောင်မြတ်မှာ ဇနီးသည်၏ ကောင်းမြတ်သောစိတ်ဓာတ်လေးတွေ ခိုအောင်းလာခဲ့ပြီ။ ကံ၊ ကံ၏ အကျိုးတရားဆိုသည်ကို ကိုအောင်မြတ် မဟုတ်တော့သည့် ဦးအောင်မြတ်က သက်ဝင်ယုံကြည်လာခဲ့ပြီ။
သားသမီးတွေအပေါ် လိုလေသေးမရှိ ပံ့ပိုးဖြည့်ဆည်းပေးခဲ့သော ကိုအောင်မြတ်အပေါ် သားသမီးတွေက ပြန်ကောင်းကြသည်မှန်သော်လည်း တကယ်တမ်း မြလဲ့ဝေတို့နှစ်ဦးအပေါ် လက်တွေ့ပြုစုစောင့်ရှောက်ပေးနေတာက ကိုအောင်မြတ်ပင် အမျိုးမစပ်တတ်သော တူမ၀မ်းကွဲလင်မယားဖြစ်၏။ ထိုကလေးမလေး ငယ်စဉ်ကပင် မြလဲ့ဝေက စောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။ အလယ်တန်းအဆင့် ပညာပင် ဆက်မသင်ကြားနိုင်တော့သော ကလေးမလေးကို မြလဲ့ဝေက ဘွဲ့ရအောင် ကျောင်းထားပေးခဲ့သည်။ အိမ်ထောင်ပြုမည်ဆိုသောအခါလည်း မိခင်တစ်ယောက်ပမာ ရပ်တည်၍ မင်္ဂလာပွဲဖြစ်မြောက်အောင် ကူညီပေးခဲ့သည်။ ထိုမိန်းကလေးသည်ပင် ယခုအချိန်၌ မြလဲ့ဝေနှင့် ကိုအောင်မြတ်အပေါ် မိဘရင်းသဖွယ် လိုလေသေးမရှိ ၀တ်ကြီးဝတ်ငယ်ပြုစုနေသူ ဖြစ်နေလေသည်။

စင်စစ်တော့ ကိုအောင်မြတ်နှင့် မြလဲ့ဝေတို့ မင်္ဂလာနှစ်သုံးဆယ်ခရီး တစ်လျှောက်လုပ်ခဲ့သော မြလဲ့ဝေ၏ကုသိုလ်ကောင်းမှုအလုံးစုံကို ကိုအောင်မြတ်မသိခဲ့။ မြလဲ့ဝေဆိုသည့် ဇနီးသည်သည် ကိုယ့်အမျိုးသူ့အမျိုး မခွဲခြားဘဲ လူတကာအပေါ် ကောင်းနိုင်သော မိန်းမတစ်ယောက်ဆိုတာတော့ ကိုအောင်မြတ် သိခဲ့ပါသည်။ မြလဲ့ဝေ၏ အသက်ခြောက်ဆယ်နီးနီး ဘ၀တစ်လျှောက် ပြုခဲ့သော ကောင်းမှုတို့သည် ငါ့အတွက်ရယ်ဟု မရှိဖူးခဲ့။ သူတစ်ပါးကောင်းကျိုးတို့ကိုသာ မျှော်မှန်းလျက် စေတနာမှန်ထားခဲ့ခြင်းကြောင့် ကိုယ်ကတော့ ပေးလိုက်ရတာ၊ ကုန်လိုက်ရတာဆိုသည့် တွန့်တိုမှုမျိုးလည်း တစ်ရံတစ်ဆစ်မျှ မဖြစ်ပေါ်ဖူးခဲ့။ ထို့အတွက်ကြောင့်လည်း မြလဲ့ဝေတစ်ယောက် အိုဇာတာကောင်းဖို့သာ ရှိလေသည် မဟုတ်လား။ ကိုအောင်မြတ်ကပင် “ တကယ်တော့ ကိုယ်က ဆင်ဖြူတော်မှီပြီး ကြံစုပ်နေရတဲ့လူပါကွာ၊ မြလဲ့ကျေးဇူးတွေ ကိုယ့်ဆီမှာ အများကြီး ရှိနေပါတယ် ” ဟုပင် ဆိုခဲ့လေပြီရော။
××××××××××××××××××××××××

(၅)
ဦးအောင်မြတ်နှင့် ဒေါ်မြလဲ့ဝေတို့ မိသားစု၏ ကုသိုလ်ဖြစ်ဆွမ်းလောင်းအလှူသို့ အဝေးမြေမှာရောက်နေကြသော သားသမီး(၃)ယောက်လုံး ရောက်ရှိလာကြပြီဖြစ်သည်။ မြလဲ့ဝေတို့ မြို့၏ ဂုဏ်ဆောင် သာသနပါလ နေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီး၏ ၂၅ နှစ်မြောက် ငွေရတုအချိန်အခါလည်း တိုက်ဆိုင်နေတာကြောင့် ဒေါ်မြလဲ့ဝေတို့ မိသားစု၏ ဆွမ်းလောင်းအလှူပွဲကား ကြည်နူးပီတိဖြစ်စရာကောင်းသည်ထက် ကောင်းနေတော့၏။
မနက်အရုဏ်တက်အချိန်၌ မိသားတစ်စုလုံး သံဃာတော်များကို တစ်ပါးချင်းစီ ဆွမ်းလောင်းလှူရသည့် ပီတိကား မည်သည့်ရုပ်ဝတ္ထုပိုင်ဆိုင်မှုမျိုးနှင့်မှ မတူ။ ရုပ်ဝတ္ထုများ အဘယ်မျှ အဖိုးတန်ဆန်းသစ်နေသည်ဖြစ်စေ မိမိလက်ဝယ် ပိုင်ဆိုင်ခွင့်ရပြီး ခေတ္တခဏ အချိန်လောက်သာ ကျေနပ်ပျော်ရွှင်နိုင်ရစမြဲ။ ပြီးတော့လည်း ကုန်ဆုံးနိုင်သည်မရှိသော လိုချင်လောဘများနောက်သို့ တကောက်ကောက်လိုက်ရင်း မောလို့သာနေရသည်က ဘ၀၏အချိန်ပေါင်းများစွာ။ ခုလို မနက်အရုဏ်ဆွမ်းလောင်းရသည့် ခံစားမှုကတော့ အဖိုးတန်ရုပ်ဝတ္ထုအသစ်တွေ ပိုင်ဆိုင်ရရှိမှုနှင့် များစွာကွာခြားလှ၏။

ဦးအောင်မြတ်နှင့် ဒေါ်မြလဲ့ဝေတို့မှာ သာသနပါလ နေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီး၏ ထာဝရဆွမ်းပဒေသာပင် အလှူရှင်များဖြစ်တာကြောင့် မြို့ရှိ သံဃာတော်အပါး ကိုးရာကျော်ကို တစ်နှစ်တစ်ကြိမ် လောင်းလှူခွင့်ရကြ၏။
ယခုအခါ မင်္ဂလာနှစ်သုံးဆယ်ပြည့်အလှူအဖြစ် အရုဏ်ဆွမ်းအလှူကြီးကို သီးသန့်လုပ်ခဲ့ခြင်းဖြစ်၏။ ဦးအောင်မြတ် တစ်ဦးတည်း၏ စိတ်နှင့်ကား ဤမျှ အဖိုးအနဂ္ဂထိုက်တန်သော အလှူမျိုးလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ဒေါ်မြလဲ့ဝေ၏ အားပေးပံ့ပိုးဖြည့်ဆည်းမှုတို့ကြောင့်သာ ဦးအောင်မြတ်တစ်ယောက် ဘာသာရေးနှင့်နွယ်သော အလုပ်များကို အာရုံဝင်စားကာ တစိုက်မတ်မတ် လုပ်ဖြစ်ခဲ့ခြင်းဖြစ်သည်။

“ တကယ်တမ်းကျတော့ ကိုယ်တို့ရဲ့ တတိယအရွယ်မှာ ဒီအလုပ်တွေကသာ ကိုယ့်ကို စိတ်ချမ်းသာမှုပေးနိုင်တာနော်။ ကိုယ့်နောက်ပါမဲ့အလုပ်တွေကို သိလျက်နဲ့ လုပ်ဖို့ဝန်လေးနေခဲ့မိတာ ကိုယ့်အပြစ်တွေပါပဲ မြလဲ့ရယ်။ နောင်ဘ၀ကောင်းဖို့ဆိုတာထက် ခုလုပ်ရင်လုပ်သလောက် အကျိုးဟာ ဒီဘ၀မှာတင် သိသိသာသာပေးနေတာမို့ ကိုယ်တော့ မြလဲ့နဲ့အတူ သာသနာ့အကျိုး၊ လောကအကျိုးကိုဆောင်တဲ့ အလုပ်တွေကို စေတနာထားပြီး လုပ်ပါတော့မယ်ကွာ။ ကိုယ့်အတွက် မြလဲ့ ဘယ်တော့မှ စိတ်မပျက်စေရတော့ဘူးလို့ ကတိပေးပါတယ်။ အဲဒါ ဒီနေ့ မြလဲ့နဲ့ ကိုယ်တို့ရဲ့ မင်္ဂလာနှစ် သုံးဆယ်ပြည့် အမှတ်တရလက်ဆောင်ပဲနော် ”
ဦးအောင်မြတ်က ကြည်နူးမဆုံး ပီတိဖုံးသော မျက်နှာနှင့် ဒေါ်မြလဲ့ဝေအနားကပ်၍ပြောလိုက်တော့ ဆွမ်းလောင်းဖို့ တန်းစီစောင့်ရင်း မိဘနှစ်ပါးကို ကျေနပ်စွာပြုံးကြည့်နေသည့် သားသမီးတွေလည်း ကုသိုလ်ဓာတ်တွေ ကူးစက်လျှက်။ ဒီအမိ ဒီအဖကို ခုလို လက်တွဲတူညီ ပြုံးပီတိတွေဝေစည်လို့ တွေ့ခွင့်ရဖို့စောင့်ခဲ့ရတဲ့နှစ်တွေက အနှစ် သုံးဆယ်ပင် တိုင်ခဲ့လေပြီတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် မြလဲ့ဝေအတွက်တော့ လတွေ နှစ်တွေ ဘယ်လောက်ပင် ကြာညောင်းခဲ့ပေမဲ့ ဘုရားသွား ကျောင်းတက် ရွှေလက်မြဲမြဲ တွဲရမဲ့ အဖော်ကောင်းတစ်ယောက်ကို အမှန်တကယ် ပိုင်ဆိုင်ရတဲ့အချိန်ကတော့ မျှော်လင့်တဲ့အတိုင်း မုချမသွေရောက်ရှိလာခဲ့ပြီပဲ မဟုတ်ပါလား။

မေတ္တာဖြင့်
ယုဒါ
ကျောက်ပန်းတောင်းမြို့ သာသနပါလ နေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီး ၂၅ နှစ်ပြည့် ငွေရတုမဂ္ဂဇင်းFB_IMG_1532818742398.jpg

Coin Marketplace

STEEM 0.73
TRX 0.09
JST 0.074
BTC 57356.27
ETH 4304.76
BNB 608.28
SBD 7.01