ရ​ဝေစန်

in #esteem4 years ago

သက်တန့်ရောင်စဉ် ကဗျာဥယျာဉ် ( ကဗျာစာပေ) Group ၏
ဒုတိယအကြိမ်မြောက် မော်ဒန်သီးသန့် ကဗျာပြိုင်ပွဲ

ပြိုင်ပွဲဝင်ကဗျာ
................................
အမည် ကလေးလက်ရေး
နေရပ် နေပြည်တော်
ဖုန်း 09789096283

ချစ်ခြင်း ၏ အခြားတစ်ဖက်
..................................................

အိမ်မက်ဟာကျွန်တော်ကိုလိမ်တယ်
အတူတူပျော်ခဲ့တဲ့ နေရက်ကို
မျက်လုံးဖွင့်အလှပ်မှာ နှင်းခါးရိုက်လို့
အကုန်လုံးကြွေရင်း မျက်ရည်ပွင့်တွေပဲကျန်အောင်လုပ်တယ် ။

အိမ်မက်ဟာလုံးဝမတရားဘူး
မျှော်လင့်ချက်နဲ့ တည်ဆောက်ခဲ့တဲ့နန်းအား
မနက်ကိုနမ်းတဲ့နေရောင်အောက်အရောက်
ပင်လယ်ပြင်မှာသဲမီးပြတိုက်လေးဆောက်သလိုအကုန်လုံးဟာ ။

အိမ်မက်ခင်ဗျားအရမ်းရက်စက်တယ်ဗျာ
နေ့တိုင်းညတိုင်းမက်နေတဲ့ ဒီပန်းဥယျာဉ်ထဲပန်ပေးသူသိသိကြီး
ညဟာအိမ်တန်းဝင်လို့လိုက်ပို့ပြီးအပြန်မှာ
အနမ်းဟာသူစိမ်းဆန်ဆန်ပဲ မျက်ဝန်းတွေကိုနှင်ထုတ်တယ် ။

ခင်ဗျား လိမ်တယ်
မတရားဘူး သိပ်ရက်စက်တဲ့သူ
ခင်ဗျား အရမ်းရက်စက်သူ
ခင်ဗျား အရမ်းရက်စက်တဲ့သူပဲ .။ ,တောက်, ။

တိတ်တခိုးတွေကို ညတိုင်းချခင်းပြသတယ်
တိတ်တခိုးတွေကို ညတိုင်းသာယာအောင်ဖန်ဆင်းပေးတယ်
တိတ်တခိုးတွေကို ခင်ဗျား မြေစာကျွေးပေါင်းနှုတ်ပြီးအပင်ရအောင်ပျိုးတယ်
ပြီးတော့ သတ်သွားတယ် ။ ( ခင်များဗျာ ခင်ဗျား) ။

အခုလာကြည့်လှည့် ဆည်းဆာမရှိတော့တဲ့ ကမ္ဘာကို
အခုလာကြည့်လှည့် အာရုံလဲမရှိတော့ဘူး
ကမ်းပါးတဲ့ အကုန်လုံး ခုန်ချလို့အဆုံးစီရင်နေကြပြီ
အိပ်မက်ကမ္ဘာထဲက အသွေးသားတွေစတေးပွဲကျင်းပနေပြီ ခင်ဗျားလာကြည့်လှည့် ။

ကလေးလက်ရေး
မည်သည့်နေရာမှမတင်ဘူးပါ ကိုယ်တိုင်ရေးပါသည် ။
ဆောင်းနှင်းဆီ ကဗျာဥယျာဉ် (on line group)မှ
စီစဉ် ထုတ်ဝေသည့် "ဆောင်းနှင်းဆီ မြန်မာကဗျာ (၁၀၀)"စာအုပ်တွင် ဖော်ပြခဲ့သော အမှာစာကို ထပ်မံ ဖော်ပြအပ်ပါသည်။

. ဆောင်းနှင်းဆီ ကဗျာဥယျာဉ်သို့
. နွေကိုတူး(ပခုက္ကူ)၏ အမှာ
〰〰〰〰🌸〰〰〰〰

  မြန်မာကဗျာသည် ပုဂံခေတ်ကာလ ကတည်းကပင် မြန်မာစာပေနှင့်အတူ ထွန်းကားလာခဲ့သော အနုပညာရပ် တစ်ခုဖြစ်သည်။ ဖော်ပြလိုသော အကြောင်းအချင်းရာ အဓိပ္ပါယ်တို့ကို ကာရန်စနစ်အသုံးပြု၍ စကားအဆင်တန်ဆာ၊ အသံအဆင်တန်ဆာတို့ဖြင့် ဖွဲ့နွဲ့သီကုံးရသော အနုသုခုမ ပညာတစ်ရပ်လည်း ဖြစ်သည်။ 

   မြန်မာကဗျာသည် ကာရန်၊ အသံ၊ ဂုဏ်အလင်္ကာ၊ စကားလုံး ဝေါဟာရတို့ဖြင့် မိမိခံစား ရေးဖွဲ့လိုသော အကြောင်းအရာကို မိမိဥာဏ်ကွန့်မြူးနိုင်သ လောက် ခြယ်မှုန်း ဖော်ပြနိုင်သော ဂုဏ်အင်္ဂါလည်း ရှိပေသည်။

   ကာရန်စနစ်ကို အသုံးပြုရာတွင်လည်း သတ်မှတ်စည်းမျဉ်းစည်းကမ်းဘောင်များရှိသည်။ စကားလုံး အဆင်တန်ဆာမည်မျှပင် ကောင်းမွန်နေစေကာမူ ကာရန်ချိတ်ဆက်မှုစနစ်အနေဖြင့် သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှု မရှိပါက ကဗျာကောင်း တစ်ပုဒ်ဟု မသတ်မှတ်နိုင်ပေ။

   မြန်မာကဗျာသည် အသံကာရန်စနစ်တို့ဖြင့် ဖွဲ့စည်းပေါင်းစပ်ထားသဖြင့် '' ပန်တျာဂီတ ''  အနုပညာတစ်ရပ်ဟုလည်း သတ်မှတ်နိုင်ပေသည်။ မြန်မာ့အနုသုခုမ ပညာတွင် ကဗျာနှင့် ပန်တျာဂီတသည် ခွဲခြား၍ မရ၊ ယှက် နွယ်တူမျှနေပေရာ ကဗျာသည်ပင် သီချင်းဖြစ်၍ သီချင်းသည်ပင် ကဗျာဖြစ်သည်ဟု ဆိုရပေမည်။

   မြန်မာကဗျာတွင် '' အတ္ထာလင်္ကာရ'' ဟူသော စကားလုံးအဆင်တန်ဆာဖြင့် ဖော်ပြရသော ကဗျာနှင့် ''သဒ္ဒါ လင်္ကာရ'' ဟူသော အသံအဆင်တန်ဆာတို့ဖြင့် ဖော်ပြရသော ကဗျာဟူ၍ ကဗျာခက်မကြီး နှစ်ခုရှိသည်။ တစ်နည်း အားဖြင့် "လင်္ကာကဗျာ"နှင့် "အချင်းကဗျာ" ဟူ၍လည်း ဖော်ပြကြသေးသည်။

   ပန်တျာဂီတရှုထောင့်မှ ကြည့်မည်ဆိုပါက မြန်မာကဗျာများသည် သီချင်းများပင်ဖြစ်သည်။ ထို့ကြောင့် ကဗျာအမျိုးအစားသဘောအရ ဝစနာလင်္ကာရ သီချင်းနှင့် သောတာလင်္ကာရ သီချင်းဟူ၍လည်း သတ်မှတ်ကြသည်။ 

   ဝစနာလင်္ကာရ သီချင်းမှာ စည်းဝါး၊ တူရိယာ၊ အတီးအမှုတ်မပါဘဲ သီဆိုရသော သီချင်း(ကဗျာ)ဖြစ်၍ သောတာလင်္ကာရ သီချင်းမှာ စည်းဝါး၊ တူရိယာ၊ အတီးအမှုတ်များဖြင့် သီဆိုရသော သီချင်း(ကဗျာ)ဖြစ်ပါသည်။

   ဝစနာသီချင်း(ကဗျာ)များသည် ပန်တျာဂီတထက် ရွတ်ဆိုမှုကို အလေးပေးစပ်ဆိုသီကုံးရသော သီချင်းကဗျာများဖြစ်ကြသည်။ အဆိုပါ သီချင်းကဗျာများကို ရွတ်ဆိုပါက ခန့်ညား၊ လေးနက်၊ ပီသ၊ ကြည်လင်၊ ပြတ်သားသော အသံအနေအထားဖြင့် ရွတ်ဖတ်သီဆိုကြရသည်။ ထို့ပြင် အသံအဖြတ်အတောက်၊ အဆွဲအငင်၊ အရစ်အဝဲ၊ လေယူလေသိမ်းများဖြင့်လည်း ရွတ်ဖတ်ကြရသည်။ စည်းဝါးမပါဘဲ သီဆိုရသော ကဗျာသီချင်း ဟုဆိုသော်လည်း မိမိနှစ်သက်ရာ နရီဘောင်အတွင်းမှ အနှေးအမြန် ညီညွတ်စွာ သီဆိုရွတ်ဖတ်နိုင်ကြသည်။

   ဝစနာလင်္ကာရစာရင်းဝင် သီချင်းကဗျာများမှာ ''ရိုးရာသီချင်းကဗျာများ''ဖြစ်သော ဒွေးချိုး၊ တြိချိုး၊ ခွန်းထောက်၊ သဖြန်၊ လွမ်းချင်း၊ အိုင်ချင်းစသည်တို့နှင့် ''ထီးသုံးနန်းသုံး သီချင်းကဗျာများ''ဖြစ်ကြသော ရတု၊ လူးတား၊ ရကန်၊ အဲချင်း၊ အန်ချင်း၊ သာချင်း၊ ဧချင်း၊ သံချို၊ လေးချိုးကြီး၊ ပျို့၊ လင်္ကာ၊ မော်ကွန်း၊ သမိုင်း၊ တမ်းချင်း၊ မှာတမ်းစသည်တို့ ဖြစ်သည်။

   သောတာလင်္ကာရ သီချင်းများမှာ စည်းဝါးအတီးအမှုတ်တူရိယာများနှင့် သီဆိုရသော သီချင်းကဗျာများဖြစ်သည့် ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်၊ ဒိန်းချင်း၊ လေးထွေသံကပ်၊ မြင်းခင်း၊ တေးထပ်၊ ဘောလယ်၊ သဖြန် စသည့် သီချင်းကဗျာများအပြင် အိုးစည်၊ ဒိုးပတ်၊ ဗုံကြီးသံ၊ စည်တော်သံ၊ လှေတော်သံ၊ ဗျော၊ နတ်ချင်း၊ ကရင်သြ သံ၊ ကာချင်း၊ ဒုံးချင်း စသည့်  ''ရိုးရာသီချင်းကဗျာများ'' စသည်တို့ဖြစ်ကြသည်။

   ယေဘုယျအားဖြင့် ဝစနာလင်္ကာရစာရင်းဝင် ''ရိုးရာသီချင်းကဗျာများ'' ကို ရှေးအခါက တောသူတောင်သား၊ သာမန်လူတန်းစားများက သီဆိုလေ့ရှိကြပြီး ''ထီးသုံးနန်းသုံး သီချင်းကဗျာများ''ကိုမူ နာခံတော်၊ သံတော်ဆင့်ကြီး များက နန်းမှုရေးရာနှင့် ဆက်စပ်သည့် ကိစ္စရပ်များတွင် တင်သွင်း၊ ရွတ်ဖတ်သီဆိုလေ့ရှိကြသည်။

   အဆိုပါကဗျာ(၂)မျိုးစလုံးတို့သည် သတ်မှတ်ထားသော ကာရန်အချိတ်အဆက်၊ အသံအနိမ့်အမြင့်၊ အသံ အပြင်းအလျော့၊ ဝေါဟာရအသုံးအနှုန်း၊ ဂုဏ် အလင်္ကာမြောက်မှု၊ စကားလုံးကျစ်လျစ်မှု စသည်တို့ဖြင့် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ကြရသည်။ အဆိုပါ မြန်မာ့ရိုရာအစဉ်လာကဗျာများကို အခြေပြုရေးဖွဲ့ထားသည့် ကဗျာများကို ဂန္ထဝင်ကဗျာဟုလည်းကောင်း ၊ ရိုးရာကဗျာ ဟုလည်းကောင်း၊ နောက်ခေတ်များတွင် ကာရန်ကဗျာ ဟုလည်းကောင်း ခေါ်ဝေါ်ခဲ့ကြသည်။ 

   မြန်မာကဗျာဖွဲ့ဆိုသူတို့သည် အသံသဘော၊ ကာရန်သဘော၊ ဝေါဟာရ အနက်သဘောတို့ကို ကျွမ်းကျင်နှံစပ်ရသည်။ ဖော်ပြပါ သဘောတရားနယ်ပယ်အသီးသီးတွင် တတ်ကျွမ်းနားလည် ရသည်။ 

   ထို့ကြောင့် ကဗျာဖွဲ့ဆိုသူတစ်ယောက် ဖြစ်ရန်မှာ မလွယ်ကူချေ။ အချိန်ယူလေ့လာ၍ ဂုဏ်အလင်္ကာများနှင့် ညီအောင် ဖွဲ့ဆိုကြရသည်။ ကဗျာဖွဲ့နွဲ့နိုင်သူသည် တကယ့်ပညာရှိများနှယ်ပင် ဖြစ်သည်။ ယင်းကြောင့် ''ကဗျာ ဆိုသည်မှာ ပညာရှိတို့၏ အဆင်တန်ဆာ'' အဖြစ် ဝိသေသပြုခဲ့ကြခြင်း ဖြစ်သည်။

   ခေတ်အဆက်ဆက်တွင် မြန်မာကဗျာဖွဲ့ဆိုသူတို့သည် မြန်မာကဗျာ၏ ဂုဏ်အင်္ဂါ လက္ခဏာတို့ကို မပျောက်မပျက်အောင်  ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသည်။ သူ့ကျွန်ဘဝ ရောက်ခဲ့ရသည့် ကိုလိုနီခေတ်မှာပင် မြန်မာကဗျာ၏ ခမ်းနားထည်ဝါမှုများကို မပျောက်ပျက်အောင် လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ခဲ့ကြသည်။ ရေးစပ်နည်း၊ ရွတ်ဆိုနည်း၊ သီဆိုနည်း အမျိုးမျိုးတို့ကို လွတ်လပ်သည့်ခေတ်အထိ အမျိုးသားရေး လက္ခဏာအမွေအနှစ်တစ်ရပ်ပမာ သယ်ဆောင်ထိန်းသိမ်းနိုင်ခဲ့ကြသည်။

   ထို့အပြင် စစ်ကြိုခေတ်ကာလတွင် မူလလမ်းရိုးဟောင်း နည်းစနစ်များအပေါ်၌ ဆင့်ကာထွင်လျက် မြန်မာဂန္ထဝင်ကဗျာကို ပိုမိုတောက်ပလာအောင် ကြိုးပမ်းဆောင်ရွက် နိုင်ခဲ့ကြသည်။

   လွတ်လပ်ရေးရပြီးနောက်တွင် မြန်မာစာယဉ်ကျေးမှုနယ်ပယ်၏ အပြင်ဘက် နိုင်ငံတကာစာပေဘက်မှ ဝင်ရောက်လာသော ခေတ်ပေါ်ကဗျာများ တစ်စတစ်စလွှမ်းမိုးလာခဲ့ရာ မြန်မာ့ရိုးရာကဗျာ၊ ကာရန်ကဗျာ တစ်နည်း အားဖြင့် ဂန္ထဝင်ကဗျာများသည်လည်း အဆိုပါ ခေတ်ပေါ်ကဗျာများ၏ ရိုက်ခတ်ချဲ့ထွင်မှုကို ခံခဲ့ကြရသည်။ ခေတ်ပြိုင် မဂ္ဂဇင်း၊ ဂျာနယ် စာပေနယ်ပယ်တွင်လည်း အရေးပေးခံရမှု အတော်အတန် နည်းပါးလာခဲ့ရပေသည်။ မြန်မာဂန္ထဝင်ကဗျာ၏ ကြီးမားခမ်းနားသော ဂုဏ်အင်္ဂါအဆင်တန်ဆာတို့သည် ပစ်ပယ်မှုကို ခံခဲ့ရပြီး ပြောင်းလဲလာသော ခေတ်ယဉ်ကျေးမှု ရေစီးကြောင်းများ၏ တိုက်စားခြင်းကိုလည်း ခံခဲ့ရပေသည်။ ထို့ကြောင့် တဖြည်းဖြည်းနှင့် အင်အားနည်းပါးခဲ့ရသည်။ 

   မြန်မာဂန္ထဝင် ကဗျာများကို ကြံ့ကြံ့ခံထိန်းသိမ်း  ရေးဖွဲ့နေသော ကဗျာဆရာများစွာ ရှိနေသော်လည်း မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် များမှ နေရာပေးခြင်း မခံရလောက်အောင် ဖယ်ထုတ်ခြင်းကို ခံခဲ့ကြရသည်။ မြန်မာလူထုကြီးကမူ ရိုးရာကဗျာ၊ ကာရန်ကဗျာ၊ ဂန္ထဝင်ကဗျာများကို တလေးတစား လက်ခံအားပေးနေဆဲဖြစ်သဖြင့် ပြည်သူနှင့် ရင်းနှီးသော၊ ပြည်သူက အားပေးသော ကဗျာ တစ်ရပ်အဖြစ် ရှိနေဆဲပင် ဖြစ်သည်။

   သက္ကရာဇ် ၂၀၁၀ ခုနှစ်ခန့်ဝန်းကျင်တွင် မြန်မာ့နိုင်ငံရေးစနစ်အပြောင်းအလဲနှင့်အတူ သတင်းဆက်သွယ်ရေး နည်းပညာများ ခေတ်မီတိုးတက်လာသောကြောင့် လူမူသတင်းကွန်ယက်(ဆိုရှယ်မီဒီယာ)များ ပေါ်ထွန်းလာခဲ့သည်။ Facebook ကဲ့သို့သော ဆိုရှယ်မီဒီယာများကြောင့် လူတိုင်းသည် သတင်းနည်းပညာကွန်ယက်တို့တွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခွင့်ရလာကြသည်။ ထိုသို့ ဆိုရှယ်မီဒီယာများ အားကောင်းလာမှုနှင့်အတူ မြန်မာဂန္ထဝင်ကဗျာများ ရေးသားဖော်ပြပျံ့နှံ့မှုသည်လည်း အားကောင်းလာခဲ့သည်။ မြန်မာဂန္ထဝင်ကဗျာ ရေးသားသူ မျိုးဆက်ဟောင်းများ အပြင် မျိုးဆက်သစ်များလည်း အမြောက်အများ ဖူးပွင့်ရှင်သန်ခွင့်ရလာခဲ့ကြသည်။ မြန်မာဂန္ထဝင်ကဗျာ၊ မြန်မာ ကာရန်ကဗျာများကို ဝေဝေဆာဆာ ရေးစပ်တင်ပြကြသည်။ အချင်းချင်းမျှဝေကြသည်။ နည်းစနစ်အပိုင်းတွင်လည်း အချင်းချင်း ဖေးမကူညီသင်ပြကြသည်။ မိမိလိုချင်သလောက် လေ့လာနိုင်ကြသည်။ မြန်မာဂန္ထဝင်ကဗျာများ ထွန်း ကားအောင် ပျိုးထောင်ပေးသူများ၊ ဖြန့်ချိပေးသူများ၊ ပြိုင်ပွဲများကျင်းပပြီး ရှင်သန်တိုးပွားအောင် ဆောင်ရွက်သူများ စသူတို့လည်း ပေါ်ထွန်းခဲ့ရာ ဂုဏ်ယူအားတက်စရာပင်ဖြစ်ပါသည်။

   ယနေ့ မြန်မာ Facebook ကွန်ယက်တွင်လည်း မြန်မာ့ရိုးရာကဗျာ၊ ဂန္ထဝင်ကဗျာများ ပြန့်ပွားအောင် ဆောင် ရွက်နေသော အနုပညာရပ်ဝန်းများစွာ ရှိနေပါသည်။ ယင်းကဲ့သို့ မြန်မာဂန္ထဝင်ကဗျာကို ချစ်ခင်လေ့လာလိုက်စားသူ လူငယ်များ၊ ကဗျာအသိုက်အဝန်းများ၊ ကဗျာဥယျာဉ်များ ပေါ်ထွန်းလာသည်ကပင် မြန်မာ့အမျိုးသားအမွေတစ်ရပ်ကို ထိန်း သိမ်းစောင့်ရှောက်မည့် ဥယျာဉ်မှူးများ ပေါ်ထွန်းလာသည်ဟု ဂုဏ်ယူလေးစားမိပေသည်။ 

   ယင်းတို့အနက်မှ ကိုကိုကြီး(ဆောင်းနှင်းဆီ)ဟူသော လူငယ်တစ်ဦး ဦးဆောင်သည့် ကဗျာချစ်သူများ၏ ဆောင်းနှင်းဆီကဗျာဥယျာဉ် သည်လည်း မြန်မာ့ရိုးရာကဗျာ၊ ဂန္ထဝင်ကဗျာများကို တိုးပွား ရှင်သန်ထွန်းကားစေချင်သော စေတနာဖြင့် ပြိုင်ပွဲများ ကျင်းပပြီး ဆုများ ချီးမြှင့်ဂုဏ်ပြုပေးနေသည်ကို လေးစားဖွယ်ရာ တွေ့ရပေသည်။ ထို့ပြင် ကလောင်သစ်များ ပေါ်ထွန်းစေ ရေးအတွက် ပုံနှိပ်စာအုပ်တစ်အုပ် ထုတ်ဝေရန် ကြိုးပမ်းခဲ့ကြသည်ကိုလည်း တွေ့ရသည်။

   ယခုအခါ ကိုကိုကြီး(ဆောင်းနှင်းဆီ)၏ ဆောင်းနှင်းဆီကဗျာဥယျာဉ်က ကမကထပြုလုပ်၍ စီစဉ်သော ကဗျာ (၁၀၀)စာအုပ် တစ်အုပ်ကို ထုတ်ဝေနိုင်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာဂန္ထဝင်ကဗျာ ရေးသူများအတွက်လည်း မိမိတို့၏ ကဗျာစာပေ အနုပညာပန်းများကို ဆောင်းနှင်းဆီကဗျာဥယျာဉ်၌် စိုက်ပျိုးရှင်သန်နိုင်ခွင့်ရခဲ့ပေပြီ။ မြန်မာဂန္ထဝင်ကဗျာ၏ ခမ်းနားထည်ဝါမှုတို့နှင့်အတူ ဤဆောင်းနှင်းဆီကဗျာ ဥယျာဉ်တွင် ကဗျာပန်းတို့ အလှချင်းပြိုင်၍ ရှင်သန်နိုင်ခွင့် ရပြီဖြစ်ပါကြောင်း ထောမနာပြုလိုက်ရ ပေသည်။


                          နွေကိုတူး(ပခုက္ကူ)
                            ၁၂.၁၂.၂၀၁၆