မျက်​စိတစ်​ဆုံး

in #story4 years ago

(၁)
သွေးပေါင်ချိန်တိုင်းကိရိယာမှ ဘောလုံးကို ညာလက်ဖြင့် ဖျစ်ညှစ်လိုက်သောအခါ ပြဒါးရည်များ တရိပ်ရိပ်တက်လာကြသည်။ လိုအပ်သည့်အမှတ်အသားရောက်သောအခါ တဖြည်းဖြည်းချင်း ပြန်လျှော့လိုက်သည်။ လူနာ၏လက်မောင်းပေါ်တွင် ဖိကပ်ထားသော နားကြပ်ဆီမှ ထွက်ပေါ်လာမည့် သွေးခုန်နှုန်းကို ဂရုတစိုက် နားထောင်လိုက်သည်။ ဟော....။ သေးသွယ်ရှည်လျားသော နားကြပ်ပြွန်ထဲ တိုးဝင်လာသည့် သွေးခုန်နှုန်းအသံကို ပီသကျယ်လောင်စွာ ကြားလိုက်ရတော့ သူ့နှုတ်ခမ်းများ ညွတ်ကွေးရုံ ပြုံးမိသည်။ လက်မောင်းတွင် ပတ်ထားသော သွေးပေါင်ချိန်တိုင်းကိရိယာကို အသာအယာပြန်ဖြုတ်ပေးရင်း လူနာအဖွားကြီးကို ပြောလိုက်သည်။
"နူးကျိန်ရေ။ နူးကျိန်မှာ သွေးတိုးရှိနေပြီ"

(၂)
ဒီဒေသကို ရောက်စမှာတော့ သူ့အတွက် ခက်ခဲလှသည်ဟု ဆိုရမည်။ အဓိကအခက်အခဲက ဘာသာစကား ဖြစ်သည်။ ဒေသခံနေထိုင်သူများက ချင်းတိုင်းရင်းသားတွေမို့ သူတို့ပြောသော ဘာသာစကားကို လုံးစေ့ပတ်စေ့ နားမလည်နိုင်ဖြစ်ရသည်။
သူက ဂျီပီဆရာဝန်တစ်ဦး ဖြစ်သည်။ ဝန်ထမ်းအလုပ်မဝင်မီ ရသည့်အချိန်ကလေးမှာ ဂျီပီထိုင်ရန် စိတ်ကူးရပြီး ဒီရွာကလေးမှာ ဆေးခန်းဖွင့်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ မြို့ပြနှင့် အနည်းငယ်အလှမ်းကွာသော ကျေးလက်ဒေသမှာ ဆေးခန်းကလေးဖွင့်ပြီး အေးအေးလူလူ စာဖတ်လိုတာလည်း ပါသည်။ ဆေးခန်းမှ ရရှိသော ကိုယ်ပိုင်အတွေ့အကြုံနှင့် ရောယှက်ပေါင်းစပ်လေ့လာပြီး သင်ရိုးညွှန်းတမ်းစာအုပ်များကို ဖတ်ရှုလေ့လာဖို့ သူ စိတ်ကူးရသည်။ သို့မှသာ ဝန်ထမ်းဘဝနှင့် လုပ်သက်ရချိန်တွင် မိမိစိတ်ဝင်စားသော ဘာသာရပ်အလိုက် ဘွဲ့လွန်သင်တန်းများကို ဖြေဆိုအောင်မြင်နိုင်ပေလိမ့်မည်။
"ဆရာ့နာရီ သေနေတာ ကြာပြီလား"
ရောက်စက အိမ်ရှင်၏သားငယ် ဟောက်ပူပြောသောစကားကို သူ ရုတ်တရက် နားမလည်မိပေ။ အိမ်ရှင်ဦးလေးကြီးက သူ့အတွက် အဖော်လည်းရစေ၊ ဆေးခန်းအတွက်လည်း ကူဖော်လောင်ဖက်ရစေဟူသော သဘောဖြင့် သူ၏သားငယ်ကို ဆေးခန်းတွင် ညအိပ်ညနေ နေထိုင်စေသည်။ ဟောက်ပူက ငါးတန်းအထိ ကျောင်းနေဖူးပြီး သွက်လက်ချက်ချာသော လူငယ်တစ်ဦး ဖြစ်သည်။ ဆေးခန်းပြသူလူနာများနှင့် စကားပြောဆိုဆက်ဆံရာတွင် စကားပြန်တစ်ဦး လိုအပ်သည်ဖြစ်ရာ သူ့အတွက် အဆင်သင့်လှသည် ဆိုရမည်။
"ဆရာ့နာရီလေ။ သေနေပြီ။ ဆက်မသွားတော့ဘူး"
ဆေးခန်းအတွင်းရှိ တိုင်ကပ်နာရီကို လက်ညိုးထိုးပြတော့မှ သူ နားလည်တော့သည်။ တိုင်ကပ်နာရီက ဓာတ်ခဲအားကုန်ပြီး ရပ်တန့်နေခြင်းဖြစ်သည်။ နာရီလက်တံအားလုံး မလှုပ်ရှားတော့ဘဲ ရပ်တန့်နေခြင်းကို "နာရီသေသည်"ဟု သုံးနှုန်းလိုက်သဖြင့် သဘောကျပြီး သူ ရုတ်တရက် ပြုံးရယ်မိသည်။
အနည်းငယ်အနေကြာလာတော့လည်း သူတို့ဘာသာစကားကို တစွန်းတစ သိမြင်လာရသလို သူတို့နေ့စဉ်သုံးနှုန်းပြောဆိုနေကြသော ဗမာစကားကိုလည်း ပိုမိုကြားသိလာရသည်။ဆေးခန်းအောက်တစ်နေကာတွင် ကြက်ပေါက်စနှင့် ကြွက်ကဲ့သို့သော တိရစ္ဆာန်​ငယ်တစ်ကောင် သေသည်နှင့်တူသည်။ ပုပ်အဲ့အဲ့အနံ့တစ်ခု သူ ရနေသည်။ သူ့အိပ်ခန်းနှင့် ဆေးခန်းထဲ ​နေရာအနှံ့  ရှာဖွေပါသော်လည်း ဘာမှမတွေ့ဘဲ ဖြစ်နေသည်။ ဘယ်လိုမှရှာမတွေ့နိုင်သဖြင့် သူ လက်လျှော့ပြီး လေသန့်ရေမွှေးတစ်ဘူးဝယ်ကာ တစ်အိမ်လုံး ဖျန်းထားလိုက်သည်။ သို့သော် ပုပ်​အဲ့အဲ့အနံ့က ပျောက်မသွားပေ။ နေ့ခင်းဘက် သူ စာဖတ်နေချိန်မှာ ဟောက်ပူက နှာခေါင်းတရှုံ့ ရှုံ့ လုပ်နေရင်း သူ့ကို မေးသည်။
"ဆရာ အနံ့မကြားဘူးလား"
"ဘယ်လို"
"အနံ့မကြားဘူးလား ပြောတာ။ ကျွန်တော်တော့ တကယ်မခံနိုင်တော့ဘူး။ အနံ့ကြားတာနဲ့ ချက်​ချင်း အန်ချင်လာပြီ"
အဲဒီလိုပြောမှ သူ သဘောပေါက်သည်။ အကောင်ပုပ်နံ့ကို ဆိုလိုခြင်းဖြစ်ကြောင်း သူ နားလည်ရသည်။ ဒီတော့မှ သူလည်း ချင်းကောင်လေးဟောက်ပူကို ပြန်ရှင်းပြရသည်။ "ကြား" ဆိုသည့် စကားလုံးကို "အသံများ"နှင့် တွဲဖက်၍ သုံးစွဲရကြောင်း၊ "အသံကြားသည်"ဟု သုံးနှုန်းမှ မှန်ကန်ကြောင်း ပြောပြရသည်။ သို့ဖြစ်ရာ "အနံ့ကြားသည်"ဟု မသုံးဘဲ "အနံ့ရသည်"ဟုသာ သုံးနှုန်းပြောဆိုရမည်ဖြစ်ကြောင်း ကျကျနန ပြန်ပြောပြရသည်။
သူက ဟောက်ပူထံမှ ချင်းစကားကို ဗလာစာအုပ်တစ်အုပ်နှင့် ရေးမှတ်ကာ သင်ယူသည်။ သူ့လေယူလေသိမ်းကို နားထောင်ပြီး ပြုံးစစလုပ်နေသော သူ့ဆရာဟောက်ပူကို ကြည့်ကာ သူ့မှာ ရှက်ရွံ့ သလို ဖြစ်မိသည်။ သူကလည်း ဟောက်ပူကို ဗမာစကားပြန်သင်ပေးသည်။
တစ်နေ့။ ကျေးရွာအတွင်း ကျင်းပသော လူငယ်ဘောလုံးပြိုင်ပွဲမှာ ဟောက်ပူတို့အသင်းလည်း ပါသည်။ ဘောလုံးကန်အပြီး ရေတွင်းမှာ ရေချိုးနေသော ဟောက်ပူကို သူ မေးလိုက်သည်။
"ဟောက်ပူ မင်းတို့ဘောလုံးအသင်း အခြေအနေ ဘယ်လိုလဲ"
"ဆရာ တကယ်မကြားဘူးလား။ ကျွန်တော်တို့အသင်း ဒီနေ့ညနေက သေသွားပြီ ဆရာ"
ဟောက်ပူတို့ဘောလုံးအသင်း ဒီညနေပြိုင်ပွဲမှာ တစ်ဖက်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်လိုက်ရပြီဖြစ်ကြောင်း သူ သဘောပေါက်နားလည်ကာ ပြုံးမိရလေသည်။

(၃)
နူးကျိန်၏ နာမည်အရင်းက ဒေါ်မန်ဆွမ်းကျိန် ဖြစ်သည်။ "နူး"ဆိုသည်က ဗမာလို "အမေ"ဟု အဓိပ္ပါယ်​ရပြီး အားလုံးက "အမေကျိန်"ဟူသော အဓိပ္ပါယ်​ဖြင့် တလေးတစား ခေါ်ဝေါ်နေကြခြင်း ဖြစ်သည်။
နူးကျိန်တို့အိမ်က သူ့ဆေးခန်း၏ အနောက်ဖက် နှစ်အိမ်ကျော်တွင် ရှိသည်။ နူးကျိန်ရော သူ့ခင်ပွန်း ပူမုန်(ပူပေါင်ရှင့်မုန်)တို့မှာ အသက်ခြောက်ဆယ်ကျော် ဇနီးမောင်နှံနှစ်ဦး ဖြစ်သည်။ မှတ်မှတ်ရရ သူ ဆေးခန်းစဖွင့်ပြီး သုံးရက်မြောက်မှာ အဖွားအိုတစ်ဦး မူးလဲသည်ဟုဆိုကာ ဆေးခန်းလာပြကြသည်။
"ကလုံဗိုင် ဆာမေး"
အဖွားအို မျက်ရည်စက်လက်နှင့် တတွတ်​တွတ်​ရွတ်နေသော စကား၏ အဓိပ္ပါယ်​ကို ဟောက်ပူအား မေးမြန်းကြည့်ရာ "ခေါင်းတအားမူးတယ်" ဟု သိရလေသည်။ သွေးပေါင်ချိန်ကြည့်လိုက်တော့ အပေါ်သွေး တစ်ရာ့ရှစ်ဆယ်၊ အောက်သွေး တစ်ရာ့သုံးဆယ်။ လေမဖြတ်တာ တော်သေးသည်ဟု ဆိုရမည်။
"နူးကျိန်ရေ ။ နူးကျိန်မှာ သွေးတိုးရှိနေပြီ"
လိုအပ်သော သွေးကျဆေးများနှင့် အခြားသောက်ဆေးများကို တွဲစပ်ပေးပြီး ဆေးသောက်ပုံသောက်နည်းကို ဟောက်ပူမှတဆင့် သေသေချာချာ ရှင်းပြရသည်။ သောက်ဆေးကုန်လျှင် ပုံမှန်လာရောက်ပြသဖို့ကိုလည်း မှာကြားရသည်။
ရက်ချိန်းပြည့်ပြီး မကြာခဏ လာရောက်ပြသသော နူးကျိန်နှင့် မကြာမီ ခင်မင်ရင်းနှီးသွားလေသည်။ နူးကျိန်တွင်သာမက သူ့အမျိုးသား ပူမုန်မှာပါ သွေးတိုးရောဂါ ရှိသည်။ ပူမုန်က ရွာထဲလှည့်ကာ နှိပ်နယ်သည့် အကြောပြင်ဆရာတစ်ဦးဟု နူးကျိန်က ပြောပြသဖြင့် သိရသည်။ "ရောဂါတောင် တစ်ခုထဲ အတူဖြစ်တဲ့ လိုက်ဖက်တဲ့ ဇနီးမောင်နှံ"ဟု သူက စနောက်တော့ နူးကျိန်က သဘောတွေကျပြီး ရယ်သည်။ တွီးပူဆေးရည်အငုံများသဖြင့် အရောင်ရင့်နေသော နူးကျိန်၏ သွားများကို ကျိုးတိုးကျဲတဲ မြင်ရသည်။
နူးကျိန်က ပိန်ပိန်ပါးပါး ၊ အသားက အညိုလုသည်။ စကားအလွန်ပြောချင်သူဖြစ်ပြီး သဘောကောင်းသည်။ "နူးကျိန်မှာ သားသမီးတွေ မရှိဘူးလား"ဟု သူမေးတော့ သား(၅)ယောက်နှင့် သမီး (၄)ယောက်ရှိကြောင်း၊ အများစုက အိမ်ထောင်ကျပြီး သူတို့မိသားစုတွေနှင့် ရွာထဲတွင် နေထိုင်ကြကြောင်း ၊ အဖိုးကြီး နှိပ်၍ရသည့်ပိုက်ဆံနှင့် မလေးရှားတွင် အလုပ်လုပ်နေသော သားနှစ်ယောက် ပို့ပေးသည့် ပိုက်ဆံတို့ဖြင့် ရပ်တည်နေရကြောင်း ပြောပြသည်။ သားသမီးများအကြောင်း ပြောပြနေခိုက်မှာ နူးကျိန်၏ မျက်ဝန်းအစုံတွင် မျက်ရည်စတချို့ တွဲခိုနေသည်ကို သူ မြင်ရသည်။ နူးကျိန်က အဲ့ဒီလို ထိရှခံစားလွယ်သူလည်း ဖြစ်သည်။
နူးကျိန်တို့က လင်ကိုယ်မယားကိုယ် နှစ်ဦးထဲ နေထိုင်ကြသည်။ ထမင်း၊ ဟင်းကို နူးကျိန်ကိုယ်တိုင် ချက်ပြုတ်သည်ဟု သိရတော့ သူ အံ့သြမိသည်။ သူ ရွာထဲ လမ်းလျှောက်ထွက်တိုင်း မီးဖိုချောင်ထဲ တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေတတ်သော နူးကျိန်ကို အမြဲလိုလို လှမ်းမြင်ရတတ်သည်။ အိုကြီးအိုမအရွယ်မို့ ထမင်းချက်ရင်း ထမင်းရည်ပူလောင်မှာကို တွေးပူမိသည်။ တကယ်ဆို နူးကျိန်က မျက်လုံးကောင်းကောင်း မြင်ရသူမဟုတ်။ နူးကျိန်၏ မျက်လုံးနှစ်ဖက်လုံးတွင် ရေတိမ်စွဲနေပြီး ညာဖက်မျက်လုံးက တော်တော်အခြေအနေဆိုးသည်။ အချိန်မီ ခွဲစိတ်မှုမပြုလုပ်လျှင် မျက်လုံးကန်းသွားနိုင်သည်မို့ ကလေးမြို့တက်ပြီး မျက်လုံးခွဲစိတ်ဖို့ နူးကျိန်ကို မကြာခဏ တိုက်တွန်းမိသည်။ သူ ပြောလိုက်တိုင်း နူးကျိန်က မပြောင်းလဲသော အဖြေတစ်ခုကိုသာ ပေးသည်။ "ပိုက်ဆံမရှိသေးပါဘူး ဆရာပါးရယ်" တဲ့။
"ကျွန်တော်လည်း ပိုက်ဆံစိုက်မယ်လေ။ နူးကျိန်မျက်လုံးက မခွဲစိတ်ရင် ပိုဆိုးတော့မှာ"
"သိတယ်လေ ဆရာပါးရဲ့ ။ ဟိုနေ့ကတောင် အိမ်ရှေ့ ကခြံတိုင်ကို ဧည့်ဝင်လာတယ်ထင်ပြီး စကားလှမ်းပြောမိတယ်"
နူးကျိန်က သူ့စကားသူ သဘောကျပြီး ရယ်ပြန်သည်။ သူက ပိန်လှီသေးသွယ်ပြီး အရေပြားတွေ ရှုံ့ တွနေသော နူးကျိန်၏ ညာဖက်လက်မောင်းပိန်ပိန်ကလေးမှ သွေးပေါင်ချိန်လက်ပတ်ကို ဖြုတ်ခွာလိုက်ပြီး-
"ဒါနဲ့များ နူးကျိန်ရယ်။ ခွဲလိုက်ပါတော့လား"
သူက အဲဒီလို ပြောလိုက်တော့ နူးကျိန် သက်ပြင်းချသည်။
"မဖြစ်သေးဘူး ဆရာပါး။ မလေးရှားက သားတွေလည်း ငွေမပို့နိုင်တာကြာပြီ။ ပြီးတော့"
နူးကျိန်၏စကားက တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားသည်။ ဝမ်းနည်းလွယ်သော နူးကျိန်၏ မျက်ဝန်းအစုံမှာ မျက်ရည်စတချို့ ဝေ့သီလာပြန်သည်။ သူ စကားစမိတာ မှားသွားပြီဟု တွေးမိကာ စိတ်မကောင်းဖြစ်ရသည်။ ထိုအခိုက်မှာ နူးကျိန်က စကားဆက်သည်။
"အိမ်က ကပူးမျက်လုံးတွေမှာလည်း တိမ်ရှိတယ်။ အနူးကမှ နည်းနည်းမြင်ရသေးတယ်။ ကပူးမျက်လုံးတွေက အနူးမျက်လုံးတွေထက် ပိုဆိုးတယ်"
"ဟောဗျာ"

(၄)
အသက်​အရွယ်​ကြီးသူမို့ ထင်သည်။ တခါတရံ သူ့ဆေးခန်းသို့ နူးကျိန်၏ သားဖြစ်စေ၊ သမီးဖြစ်စေ ပါလာချိန်တွင် နူးကျိန်က ကလေးတစ်ယောက်လို ဖြစ်သွားတတ်သည်။ သားသမီးများ၏ ဂရုစိုက်ယုယမှုကို ခံယူလို၍လည်း ဖြစ်မည်ထင်သည်။
"ဆရာပါး ကဟာနာ(သွားနာတယ်)"
"အော် နူးကျိန်ရယ်။ သုံးချောင်းထဲ ကျန်နေတဲ့ သွားတွေက နာသေးသလား"
အရေအတွက်နည်းပါးလှသော သွားများကို ရည်ရွယ်ပြီး စနောက်ပြောဆိုလိုက်တော့ နူးကျိန်က သွားအကျဲသားနှင့် ရယ်သည်။ ဟုတ်သည်။ နူးကျိန်က အံကပ်ပါမှ အသားစားနိုင်သူ ဖြစ်သည်။ သူမ၏ အံကပ်ကို သားကြီးမန်ပူက ပြီးခဲ့သည့်ခရစ္စမတ်ပွဲတော်အချိန်တွင် ပြုလုပ်ပေးခဲ့ကြောင်း မကြာခဏ ကြွားလေ့ရှိသဖြင့် သူ မှတ်မိနေလေသည်။ တခါတလေလည်း ဆေးခန်းပြရင်း နူးကျိန်က သူမ၏ခံစားချက်များကို ရင်ဖွင့်တတ်သေးသည်။
"အနူးသားသမီးတွေနဲ့ အရင်တုန်းကလို ပြန်နေချင်တယ်။ ဟိုတုန်းက သားသမီးတွေအများကြီးနဲ့ တကယ်ပျော်ဖို့ကောင်းတယ်။ ပွဲတော်ရက်တွေဆိုလည်း လူတွေအများကြီးပဲ။ အခုတော့ အနူးနဲ့ အဇီပါး(ယောင်္ကျား)ပဲရှိတော့ ပျင်းဖို့သိပ်ကောင်းတယ်။ ကပူးက ရွာထဲအနှိပ်သွားရင် အိမ်မှာ အနူးတစ်ယောက်ပဲ ကျန်တယ်။ တခါတလေ တိတ်ဆိတ်လွန်းလို့ ကြောက်တောင် ကြောက်မိတယ်"
ဆွေးဆွေးမြေ့မြေ့ ပြောနေသော နူးကျိန်ကိုကြည့်ပြီး စိတ်သက်သာရာရစေလိုသောစိတ်ဖြင့် သူက ပြန်ပြောလိုက်သည်။
"ဒါနဲ့များ နူးကျိန်ရယ်။ ဘာခက်လို့လဲ။ သားသမီးတွေ ထပ်မွေးလိုက်ပေါ့"
နူးကျိန်က မျက်လုံးပိတ်အောင် ရယ်သည်။ ပြီးမှ "မွေးချင်တာပေါ့ ဆရာပါးရယ်။ ဖြစ်မှမဖြစ်နိုင်တာ" ဟု ဆိုသည်။
တခါတလေ နူးကျိန်က သားသမီးများ၏ အရေးတယူဂရုစိုက်မှုကို ခံယူလိုသောစိတ်ဖြင့် ဟန်ဆောင်တတ်သေးသည်။ နောက်ဖေးစိုက်ခင်းထဲ ပေါင်းနုတ်ရင်း ရုတ်တရက်ခါးနာသည်ဟုဆိုကာ သမီးငယ်နှင့်အတူ ဆေးခန်းလာပြသည်။ နူးကျိန်က လူနာစမ်းသပ်ကုတင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေသည်။ တင်ပါးကို အကိုက်အခဲပျောက်ဆေး တစ်ချက်ထိုးပေးသော်လည်း အော်နေမြဲပင်။ သူကတော့ နူးကျိန်အကြောင်း ကောင်းကောင်းသိသူ ဖြစ်သည်။ နူးကျိန်နှင့်အတူ လိုက်ပါနေကျ သမီးငယ်ကတော့ အော်ဟစ်ညည်းညူနေသော နူးကျိန်ကိုကြည့်ကာ စိတ်ပူနေဟန်တူသည်။ သူလည်း နူးကျိန်အနားကပ်ပြီး နှစ်ကိုယ်ကြားလေသံဖြင့်-
"နူးကျိန်နော်။ အခုထိုးဆေးနဲ့ မသက်သာရင် တင်ပါးမှာ ဒီထက်နာတဲ့ဆေးထိုးမှ ပျောက်မှာ။ သောက်ဆေးစားကြည့်ပြီး မသက်သာမှ ပြန်လာခဲ့"
အဲ့ဒီလိုပြောလိုက်မှ နူးကျိန်က အငိုတိတ်ပြီး "ခါးနာပျောက်သွားပြီ"ဟု ဆိုသည်။ နူးကျိန်က အဲဒီလိုဖြစ်သည်။
တခါကလည်း ရေပုံးဆွဲရင်း ကျောက်တုံးကို မမြင်မကန်းနှင့် ခလုတ်တိုက်မိကာ ခြေမကွဲသွားသည်။ သူက ထုံဆေးထိုးပြီး ပြန်ချုပ်ပေးရသည်။ ထုံးစံအတိုင်း သားသမီးတွေရှေ့ မှာ တအီးအီးရှိုက်ငိုကာ ညည်းနေသည်။ ဒီတစ်ကြိမ်တော့ အတော်နာကျင်ရှာဟန်တူသည်။ နူးကျိန်၏ သားသမီးများကလည်း လက်​လုပ်​လက်​စားသမားတွေမို့ ငွေကြေးသိပ်ပြေလည်ပုံမရကြပေ။ အကြောင်းစုံသိနေသည်မို့လည်း "နူးကျိန်ရေ။ နူးကျိန်မျက်လုံးတွေက မခွဲရင် မဖြစ်တော့ဘူးဗျ" ဟု ရင်မောစွာ ဆိုလိုက်ရလေသည်။

(၅)
ဆေးခန်းလာပြရင်း နူးကျိန်က သတင်းကောင်းကို ပြောပြသည်။ နိုင်ငံခြားမှ သားနှစ်ဦးက ငွေပို့ပေးသဖြင့် သူတို့ လင်မယားနှစ်ဦး မျက်စိခွဲကြတော့မည်ဟု ပြောသည်။ ဆွေလိုမျိုးလို ခင်မင်နေကြသည်မို့ သူလည်း ဝမ်းသာရသည်။
မကြာမီ နူးကျိန်တို့ဇနီးမောင်နှံနှစ်ဦး သမီးငယ်လင်မယားနှင့်အတူ ကလေးမြို့သို့ မျက်လုံးခွဲစိတ်ရန် ထွက်ခွာသွားကြောင်း ကြားသိရသည်။ အစစအရာရာ အဆင်ပြေကြပါစေဟု သူ ဆုတောင်းမိသည်။ တစ်ပတ်လောက်ကြာတော့ နူးကျိန်တို့ ပြန်ရောက်လာပြီဟု ကြားရသည်။ ပူမုန်၏ မျက်လုံးများကို ခွဲစိတ်ပြီး နူးကျိန်ကတော့ မခွဲဖြစ်ဟု ကြားသိရသည်။ ဘယ်လိုကြောင့် မခွဲဖြစ်မှန်း သူ မတွေးတတ်ပေ။
တိုက်တိုက်ဆိုင်ဆိုင်ပင် နောက်ရက်မှာ နူးကျိန် ဆေးခန်းလာပြသည်။ ဆေးခန်းလိုက်ပို့နေကျ သမီးငယ်က နို့စို့ကလေးငယ်ကို ခါးထစ်ချီပွေ့ရင်း လိုက်ပို့သည်။ နူးကျိန်မျက်နှာ သိပ်မကောင်းလှတာ သူ သတိထားမိသည်။ အရင်တုန်းကလို စကားများစွာမပြောဘဲ နှုတ်ဆိတ်နေသည်ကပင် ထူးခြားနေသည်။
"သွေးပေါင်ချိန်ကတော့ ပုံမှန်ပါပဲ နူးကျိန်။ သွေးကျဆေးလည်း ကုန်နေပြီဆိုတော့ ကျွန်တော် ဆယ်ရက်စာ ထပ်ပေးလိုက်ပါမယ်။ ဆေးကုန်တဲ့အခါ ပြန်လာပြပါဦး"
နူးကျိန်က ခေါင်းညိတ်ပြသည်။
"ဒါနဲ့ နူးကျိန်က ဘာလို့ မခွဲဖြစ်တာလဲဗျ"
နူးကျိန်က နှုတ်ဆိတ်နေချိန်မှာ သူ့သမီးငယ်က ဝင်ဖြေသည်။
"အနူးက ခွဲစိတ်ဖို့ စစ်ဆေးနေတုန်း မူးလဲတယ်လေ။ အဲ့ဒါနဲ့ ဆရာဝန်က ခွဲလို့မဖြစ်ဘူး ပြောတယ်"
သူ့တပည့်ကျော်ဟောက်ပူက နူးကျိန်အတွက် ဆေးဘီရိုထဲမှ ဆေးများကို ရှာဖွေထုတ်ယူနေသည်။ ထိုစဉ် နူးကျိန်သမီးငယ်က "ဆရာပါးရေ။ ဆေးတွေကို အနူးကိုပဲ ပေးလိုက်ပါ။ အိမ်မှာ ထမင်းအိုးကြီး မေ့ပြီး ပစ်ထားခဲ့မိတယ်။ အမြန်ပြေးလိုက်အုံးမယ်။ ပိုက်ဆံကို ကျွန်မ ပြန်လာပေးပါမယ်"ဟု ပြောကာ ဆေးခန်းအတွင်းမှ ခပ်သုတ်သုတ် ထွက်သွားလေသည်။
ကုတင်​​ပေါ် အိပ်နေဆဲ နူးကျိန်ကို သူ အမှတ်​မထင်​ကြည့်လိုက်မိသည်။ နူးကျိန်၏ မျက်လုံးတွေထဲမှာ တစ်ခုခုကို ဖုံးကွယ်ထားမှန်း သူ ကောင်းကောင်းသိနေသည်။
"နူးကျိန် တကယ်မူးလဲတာရော ဟုတ်ရဲ့လား"
နူးကျိန်က ပြုံးသည်။ အဓိပ္ပါယ်​များစွာ ပါဝင်နေသော အပြုံးဖြစ်သည်။
"ဆရာပါးကတော့ သိမှာပါ။ ဟိုမှာကလည်း အစစအရာရာ ဝယ်စားရတယ်။ ပြီးတော့ သွေးတွေစစ်ရတာလည်း အများကြီးပဲ။ အဲဒါနဲ့ ခွဲစိတ်ဖို့ကျတော့ တစ်ယောက်စာပဲ လောက်တော့တယ်"
"အဲဒါနဲ့ မူးလဲလိုက်ရောလား"
နူးကျိန်က ပြုံးပြန်သည်။
"ဆရာပါးရယ်။ အဖိုးကြီးမျက်လုံးတွေ ကောင်းကောင်းပြန်မြင်ရရင် ပြီးတာပဲ။ သူက ရွာထဲလှည့်ပြီး နှိပ်ရတာဆိုတော့ မမြင်လို့ မဖြစ်ဘူး။ အနူးမျက်လုံးတွေ ကောင်းကောင်းမြင်ရလို့ ဘာထူးမှာလဲ။ အဖိုးကြီးမျက်လုံးတွေ ပြန်မြင်ရတာဟာ အနူးမျက်လုံးတွေ ပြန်မြင်ရတာနဲ့ အတူတူပဲလေ"
နူးကျိန်၏စကားကို ကြားလိုက်ရတော့ သူ အံ့သြမင်သက်မိသည်။ ခဏနေတော့ နူးကျိန်၏ သမီးငယ် ပြန်ရောက်လာပြီး ကျသင့်ငွေကိုရှင်းကာ နှစ်ဦးသားပြန်သွားကြသည်။
သူကတော့ နေရာမှာပင် ထိုင်နေရင်းက သမီးဖြစ်သူကိုတွဲကာ တရွေ့ ရွေ့ ထွက်ခွာသွားသော လက်တွဲဖော်အတွက် မျက်လုံးတစ်လုံးအဆုံးရှုံးခံဝံ့သည့် အဖွားအိုကြီး၏ကျောပြင်ကို ငေးမောကြည့်နေမိရင်း "အော် နူးကျိန်ရယ်" ဟုသာ ရေရွတ်မိလေသည်။

Coin Marketplace

STEEM 0.73
TRX 0.09
JST 0.074
BTC 57356.27
ETH 4304.76
BNB 608.28
SBD 7.01