ဒီရေကျချိန်

in #story3 years ago

လက်မှ နာရီကို ငုံ့ကြည့် လိုက်သည်။
စိတ်ထဲ ထင်သည့် အတိုင်း မွန်းလွဲ တစ်နာရီ ၀န်းကျင်ပင်။ ကိုသက်အောင်က သိနေ၍ မဟုတ်။ ဤအချိန်တိုင်း စားနေကျ ၀မ်းဗိုက်က တဂွီဂွီ မြည်ကာ အချက်ပြလာ သောကြောင့် နာရီကို ငုံ့ကြည့်မိရတာ ဖြစ်သည်။ လုပ်နေကျ ထုံးစံအတိုင်း ဖတ်လက်စ စာအုပ်ကို ပိတ်သည်။ ဆိုင်နံရံ၌ ချိတ်ထားသည့် အပေါ်ထပ် အင်္ကျီကို ယူဝတ်သည်။
ပြီးနောက် ဆိုင်တံခါး ပိတ်ရန် ပြင်ပြီးကာမှ တစ်စုံတစ်ခုကို သတိရ သွား ကာ ကောင်တာ စားပွဲအောက် ခေါင်းငုံ့ဝင်ပြီးမှ ထင်းရှူး သေတ္တာ ငယ်လေး ထဲ ချောင်းကြည့် ဖြစ်လိုက် သည်။ ထင်းရှူး သေတ္တာခွံထဲမှ အတောင် ပံတစ်ဖက် ဒဏ်ရာရ ထားသည့် သနားစရာ ခိုကလေးသည် ကိုသက်အောင် ကို မျက်လုံးပြူးပြူး လေးတွေနှင့် ပြန်မော့ ကြည့်နေရှာ ပါသည်။ အိုကေ၊ ရေလည်း ရှိသေးသည်။ မနေ့က ကြဲထား ပေးသည့် ဆန်စေ့တွေ လည်း ရှိသေးသည်။ အတောင်လေး ကို လက်ညှိုး နှင့် အသာထိ ကြည့်တော့ ခိုလေးအော်သည်။
မနာပါဘူးကွာ။ ဖြည်းဖြည်း ကိုင်ကြည့်တာပါ။ မင်း ဒဏ်ရာက မပျောက် သေးဘူးကိုး။ ကြည့်စမ်း သွေးတောင် နည်းနည်း ပြန်ထွက်ချင် နေသေးတယ်။ ပြန်လာရင် နနွင်းယူ လာခဲ့ဦးမှပါ”
ကိုယ့်ဘာသာကိုယ် ပြောရင်းမှ ကိုသက်အောင်က ဆိုင်ပြင် ထွက်ပြီး တံခါးသော့ ခတ်သည်။ နံဘေး ဆံသဆိုင်မှ ဆံသဆရာ က လှမ်းနှုတ်ဆက်သည်။
ဟေ့လူ၊ ထမင်းစား ပြန်တော့ မလို့လား
ထုံးစံ အတိုင်းပေါ့ဗျာ။ ခင်ဗျားကော အိမ်ကချိုင့် မလာ သေးဘူးလား”
မလာသေးဘူး”
လက်ပြရင်းမှ ကိုသက်အောင်က ထွက်လာ လိုက်သည်။
ဆံသ ဆရာကတော်က ထမင်းချိုင့် လာပို့သဖြင့် ကိုသက်အောင် ကဲ့သို့ အိမ်ပြန် စားစရာမလိုပါ။ ကိုသက် အောင်ကတော် မနွယ်ချိုက တော့ လေဖြတ် ထားသည့် မိခင်အိုကြီး၏ ဝေယျာဝစ္စက တစ်ဖက်၊ သားသမီးများ ကျောင် အကြိုအပို့ ကိစ္စက တစ်ဖက်၊ အိမ်ဗာဟီရ ကိစ္စက တစ်ဖက်နှင့် လုံးချာလည် လိုက်နေရာ ကိုသက်အောင် ကို ထမင်းချိုင့် လာမပို့နိုင်ပါ။ ကိုသက်အောင် ကလည်း လာမပို့ခိုင်း။ အောင်ချမ်းသာ ရပ်ကွက်နှင့် ပိတ်စွယ်ဆိုတာ တစ်ဆက်တည်း မဟုတ်လား။ ပြီးတော့ ကိုသက်အောင် ဖွင့်ထားသည့် ဗီစီဒီ အခွေငှား ဆိုင်ဆိုတာကလည်း ညဘက်ကျမှ အဓိကငှားရ သည်ဖြစ်ရာ နေ့ခင်းဘက်၌ အိမ်မှာ ထမင်း ပြန်စားဖို့ ကောင်းကောင်း အချိန်ရပါ သည်။ ရေလည်း ချိုးချင် ချိုးနိုင် သည်ပေါ့။ စက်ဘီး နှင့်ဆိုလျှင် ပိုတောင် မြန်သေး သည်။ သို့ပေမဲ့တစ်ရက် တစ်ရက် မိုးလင်းမိုးချုပ် ဆိုင်ထိုင် ရသူပီပီ ကိုသက်အောင်က လမ်းလျှောက် ဖြစ် အောင် ဆိုင်အသွားအပြန်ကို ခြေလျင်ပဲ လျှောက်သည်။ အစာလည်းကြေ၊ အညောင်းအညာ လည်းပြေ၊ ပတ်ဝန်းကျင် ရှုခင်းလေး တွေလည်း ငေးရင်းမောရင်းပေါ့။ ထို့ကြောင့် လမ်းမကြီးဘက်မှ မထွက်ဘဲ လိုင်းဟောင်း လမ်းမှဝင်ကာ ထာပွဲဘက် ပတ်ပြီး မိမိနေထိုင်ရာ ပိတ်စွယ်သို့ ကိုသက်အောင်က ပြန်နေကျ။ ဒီနေ့လည်း လိုင်းဟောင်း ဘောလုံးကွင်းဘက် ဖြတ်တော့ ခိုတစ်အုပ် နားနေ ကြတာ တွေ့ရသည်။
စိတ်ထဲမှာ ဆိုင်ထဲ၌ ကျန်ရစ်ခဲ့သော သနားစရာ ဒဏ်ရာရ ခိုကလေးကို ဖျတ်ခနဲ သတိရ လိုက်မိသည်။ လက်ဆော့သော ကလေး တစ်ယောက် လက်ချက် ကြောင့် အတောင်ပံ တစ်ဖက် ဒဏ်ရာရ သွားခဲ့ခြင်း ဖြစ် သည်။ တွေ့တွေ့ချင်းတော့ ထိုကလေးကို လက်တည့် လှချည့်ဟု ကိုသက်အောင် တအံ့တသြ ဖြစ်ခဲ့ ရသေးသည်။ အံ့သြဆို ကိုသက်အောင် မျက်စိရှေ့တင်ပဲ မဟုတ်လား။ ထိုနေ့က ကိုသက်အောင် တစ်ယောက် ခုလိုပဲ ဘောလုံးကွင်းမှ ဖြတ်လျက် အိမ်သို့ပြန်လာသည်။ ခိုတွေ ကလည်း လမ်းပေါ်မှာ ခုလိုပဲ နားနေကြသည်။ နားနေ သည်ဆိုတာထက် အစာတွေ လုကောက် နေကြတာ ဖြစ်သည်။ ကွင်းပြင် ကျယ်ကြီး ထဲမှာ ထာပွဲသွား၊ ထာပွဲလာ သူတွေ မပြတ်သည်မို့ စေတနာရှင် တစ်ယောက်ယောက်က ပြောင်းဖူးစေ့များ ကြဲပက်သွား ပေးဟန်တူသည် ဟု ကိုသက်အောင် မုဒိတာ ပွားနေဆဲမှာပင် ခိုအုပ်ကြား သို့ အရှိန်ပြင်းပြင်း ၀ှီးခနဲ ၀င်လာသော ခဲတစ်လုံးနှင့် အတူ ခိုတစ်အုပ်လုံး ၀ရုန်းသုန်းကား နှင့် ဝေါခနဲထပျံ ကုန်ကြတော့ ကိုသက်အောင် ပင် ရုတ်တရက် လန့်ဖျပ် သွားမိရသည်။ အလုအယက် ပျံတက် ပြေးကုန်သော ခိုတွေ မရှိတော့ချိန်မှာ မပျံနိုင် တော့သော ခိုကလေး တစ်ကောင် က မျက်စိသူငယ် နားသူငယ် ဖြင့် ကျန်ရစ်ခဲ့သည်။ ကိုသက်အောင်က ကြောင်ပြီး ကြည့်နေမိဆဲမှာပင် ခဲလုံး ကြီးကြီး ကိုင်ထားသော ဆယ်နှစ်ကျော် ၀န်းကျင်အရွယ် အစိမ်းရောင် ကိုပင် ကောင်းစွာ မပေါ်ချင်တော့သော ဘောင်းဘီနှင့် လွယ်အိတ် လွယ်ထားသော ကောင်လေး တစ်ယောက် သည် လဲကျနေသည့် ခိုကလေးရှိရာ တစ်ဟုန်ထိုး ပြေးသွားပြီး ခပ်မြန်မြန်ပင် ခဲနှင့် ထပ်ထုလိုက် လေသည်။
ဟာ၊ ဟေ့ဟေ့ မလုပ် ပါနဲ့။ အဲဒီလို မလုပ်ရဘူးလေ ကွာ။ ဒီကလေး”
နှုတ်မှလည်း တား၊ လက်ကလည်း အမြန်ဝင်ဆွဲ ရင်းမှ သွေးအလူးလူးနှင့် ခိုကလေးသည် ကိုသက် အောင်၏ လက်ထဲပါလာ သည်။ ခဲဒဏ်ရာ နှစ်ချက်ဆင့် ရထားသော ခိုကလေး သည် ကိုသက်အောင်၏ လက်ထဲတွင် ကြောက်အား လန့်အားနှင့် ရုန်းနေလျက် ရှိသည်။
ရက်စက် လိုက်တာကွာ။ ဟေ့ မင်းဘယ်သူ့ သားသမီးတုံး ပြောစမ်း။ ငါ မင်းမိဘတွေနဲ့ သွားတိုင် မယ်”
ကလေးသည် ကိုသက်အောင် အမေးကို မဖြေဘဲ စူးစူးစိုက်စိုက် တစ်ချက်ကြည့်ကာ ချာခနဲ လှည့်ထွက် ပြေးသွား လေသည်။ ကိုသက်အောင် က ခိုကလေးကို အိမ်သို့ခေါ် လာသည်။ ကိုသက်အောင် ဇနီး မနွယ်ချိုက ခိုကလေး ၏ သွေးထွက် ဒဏ်ရာကို နနွင်းသိပ်ပေးသည်။ သို့ပေမဲ့ အိမ်မှာတော့ ကြောင်တွေရှိ နေ၍ ထားရန် မဖြစ်သဖြင့် ခိုကလေးကို ဆိုင်သို့ ပြန်ခေါ် လာရသည်။ ဒဏ်ရာ မပျောက်ကင်း မချင်း ကိုသက် အောင်ကပဲ အစာရေစာ ကျွေး ပြုစုထား ခဲ့ရပါသည်။
ဒီလိုနှင့်ပဲ ခိုကလေးက ကိုသက်အောင်၏ ခွေငှား ဆိုင်လေးတွင် သောင်တင်နေ တော့သည်။
တစ်ရက်မှာ ခွေငှားလာသူ တစ်ယောက်နှင့် စကားစပ်မိတော့-
နေဦးဗျ။ ခိုလိုက်ပစ်တဲ့ ကလေးက ဆံပင်ဖုတ်သိုက်နဲ့ ပေစုတ်စုတ် ကလေး မဟုတ် လား။ အသက်က ဆယ်နှစ်ကျော် လောက် ရှိမယ်ဗျာ။ လွယ်အိတ်လေးနဲ့ဗျာ”
ဟုတ်ပါ့ဗျာ။ ခင်ဗျား သိလို့လား*
ဘယ်ကလဲဆိုတာ တော့ မသိပါဘူး။ ခုနောက် ပိုင်း သူ့ကို တော်တော်များ များက သတိထား မိနေကြ တယ်ဗျ။ လက်ထဲမှာ ပြောင်းဖူးစေ့ ထုပ်နဲ့ လမ်းတကာ လှည့်ပြီး ခိုလျှောက် ပစ်နေတာ။ ခိုများများ ရှိတဲ့နေရာ များရောက်ရင် အစာတွေပက် ကြဲပြီး ခိုထောင်တော့တာပဲ။ လက်ကလည်း ဘာတည့် သလဲမမေးနဲ့။ ထိအောင် ပစ်နိုင်တယ်ဗျ”
ဟုတ်မည်။ တွေ့စက ကိုသက်အောင်ပင် အံ့သြခဲ့ရ သေးတာ မဟုတ်ပါလား။ ကြည့်ရသည်မှာ ဒီကလေး ခိုဖမ်းသည့် သက်တမ်း နည်းတော့ဟန် မတူ။
နို့၊ နေစမ်းပါဦးဗျ။ သူက နေရာတကာ လိုက်လုပ် နေတာကို ဘယ်သူကမှ ဘာမှမပြော ကြဘူးလား”
ပြောကြတာပေါ့။ ကိုယ့်ရှေ့လာ လုပ်နေတာတွေ့ ရင်တော့ မလုပ်ဖို့တားကြ၊ ဆူကြ ငေါက်ကြပေါ့။ ဒါပေမဲ့ ဒီကလေး ကြည့်ရတာ အရေ ထူနေပုံမျိုး၊ အကြောက် အလန့်လည်း မရှိသလိုဘဲ။ ဂျစ်ပေ ပေပုံစံ”
မိဘများ မရှိလို့လား။ ဒါကျောင်းနေ ရမဲ့ အရွယ်ပဲ။ သူ့ဘောင်းဘီကတော့ အစိမ်း ရောင်လိုလိုပဲ။ လွယ်အိတ် ကောပါတယ် ဆိုတော့ ကျောင်းပြေးပြီးများ လျှောက် လုပ်နေတာလား”
အဲဒါတော့ မသိဘူးဗျ”
ကိုသက်အောင်လည်း အတွေးဆန့် နေရင်းမှ ပန်းခြံ ထာပွဲဘေးမှ ပတ်လျှောက် လာခဲ့သည်။ မိုးကုတ် ဒေသ၏ အထင်ကရ ဖြစ်သော ပန်းခြံ ထာပွဲသည် လူတွေဖွေး နေပါ သည်။ ရောင်စုံ ထီးကြီးတွေ ကလည်း ပြည့်နေတုန်း။ အလုပ် အကိုင်တွေက ဟိုအရင် ကလို အဆင်မပြေ ကြတော့တာသာ ရှိသည်။ တစ်လော တုန်းက ကိုသက်အောင်၏ ရပ်ဝေး မိတ်ဆွေ တစ်ယောက် မိုးကုတ်မြို့သို့ အလည်လာ သည်။ သူက မြို့၏ အထင်ကရ ဖြစ်သော ကျောက်ဝိုင်း သို့ရောက်ဖူးချင် သည်ဆို၍ ကိုသက်အောင်က လိုက်ပြ ပေးရသည်။
ကျွန်တော် တို့ဆီမှာတော့ ခင်ဗျားတို့လို ကျောက်ဝိုင်းလို့ မခေါ်ဘူးဗျ။ ထာပွဲ လို့ခေါ်တာ”
ကားဖူးတယ်။ အဲဒါ့ ဘာအဓိပ္ပာယ် လဲဗျ”
ကျောက်တွေ ၀ယ်ရောင်း လုပ်တဲ့နေရာမှာ သုံး တဲ့ ကြေးဗန်း လေးတွေကို ကျွန်တော်တို့ ဒေသခံ တွေက “ထာ”လို့ သုံးနှုန်းကြတယ် ဗျာ။ အဲဒါ့ကို အစွဲပြုပြီး ကျောက်တွေ ၀ယ်ကြရောင်း ကြတဲ့နေရာကလည်း “ထာ” ပွဲဖြစ်သွားဟန်တူတာပဲ”
မိတ်ဆွေက“တော် တော် လူစည်တယ်နော်။ နေ့တိုင်း ဒီလိုပဲလား”ဟု တအံ့တသြ မှတ်ချက်ပြု သည်။ ကို သက်အောင်က ပြုံးရင်းမှ“ဟိုတုန်းက ဒီထက် အဆပေါင်း များစွာ ပိုစည်ခဲ့တာပေါ့ဗျာ” ဟု ပြန်ပြောဖြစ်ခဲ့သည်။ လက်ရှိမှာ ဆိုင်သမား တစ်ယောက်အဖြစ် ရပ်တည်နေ သည့် ကိုသက်အောင်ပင် လျှင် အရင်တုန်းက ဤထာပွဲ အတွင်း ဂျင်ခြေလည်အောင် လုပ်ကိုင် စားသောက်ခဲ့ရသည့် ကျောက်ပွဲစားပဲ မဟုတ်ပါ လား။ ကိုသက်အောင်ပင် မကပါ၊ ကမ္ဘာ့ စီးပွားပျက် ကပ်၏ ရိုက်ခတ်မှု အောက်မှာ ထာပွဲ လောကမှ လွင့်စဉ် သွားခဲ့သည့် ကုန်သည် ပွဲစားတွေမှ အများကြီး မဟုတ်လား။ ကိုသက်အောင် ဆိုင်ဘေးမှ ဆံသဆရာ သည် တစ်ချိန်တုန်းက မျော ကျောက်ကုန်သည် ဖြစ်သည်။ ဆိုင်ရှေ့လာ လာ ဂိတ်ထိုး ထားသည့် ဆိုင်ကယ် တက္ကစီ သမားကကော တဲ့။ သူက ဂေါ်ကြိုး သမား။ တစ်လမ်း ကျော်မှ လက်ဖက်ရည် ဆိုင်ပိုင်ရှင် ကတော့ တကယ့် ကျောက်အစင် အသန့် တွေချည်း ၀ယ်စပ်ခဲ့သည့် ကုန်သည် ဖြစ်လေသည်။
ကိုသက်အောင် စကား အဆုံးမှာ ရပ်ဝေး မိတ်ဆွေက မျက်မှောင် ကြုတ်ပါသည်။
ခင်ဗျားကသာ အလုပ် ပါးတယ်ပြောတယ်။ လူတွေက စည်ကား တုန်းပါလား”
ဒါကတော့ ဒီဒေသမှာ လုပ်စရာ မည်မည်ရရ ဆိုလို့ ဒီအလုပ်ပဲ ရှိတာကိုး။ ကျန်တဲ့ အလုပ်တွေ ဆိုတာက ဒီ ကျောက်ဝယ်ရောင်း အလုပ်အပေါ်မှာ မူတည်ပြီး ရပ်တည် ရှင်သန်ကြ ရတာပါ။ အရောင်း အ၀ယ် သမားတွေ အလုပ်မဖြစ်ရင် ဆိုင်သမား တွေလည်း ပါးပါးပါ။ ဖြစ်တဲ့လူတွေ ဖြစ်ကြသေးပေမဲ့ အဲဒါ ကလည်း ငွေကို လှည့်နိုင်၊ အောင်းထားနိုင်တဲ့ လက်ကြီးသမား လက်တစ်ဆုပ်စာ လောက်တင်ပါ။ ကျွန်တော်တို့လို ငွေရင်းမဲ့ပြီး အခြေမခိုင် သူတွေကျတော့ ရပ်ဝေးထွက် လုပ်ကိုင် ရှာဖွေပြီး အိမ်ကိုပို့သူ ပို့။ မိသားစု နဲ့ခွဲလုပ်ဖို့ မ လွယ် သူတွေကျတော့ ဒီမှာပဲ ဆိုင်လေး ဘာလေးဖွင့် သူဖွင့်ပေါ့”
သို့ပေမဲ့ ခုတော့ဖြင့် ကိုသက်အောင်တို့မြို့ အနာဂတ် အရေး နွေးထွေးသော ရောင်ခြည် သန်းစပြုလာ ပြီဟု ဆိုရပါမည်။ အသစ်သော ပြောင်းလဲမှုတွေ ကြားမှာ အနာဂတ် ကျောက်တွင်း လောက အတွက်ကော၊ အနာဂတ် ထာပွဲ လောကအတွက် ပါ မင်္ဂလာ ရှိနိုင်မည့် သတင်းတွေကို ခုတလော ကြားလာ ကြရပါသည်။ ကောင်းပါသည်။ အားလုံး အဆင်ပြေကြ မှ ကိုယ့်ရပ် ကိုယ့်ရွာကို ခင်တွယ်ပါလျက် အဝေး ရောက်နေကြရ သူများကော မိသားစု တစ်ကွဲတစ်ပြား စီဖြစ်နေကြရ သူများပါ ပြန်လည် ဆုံစည်း နိုင်ကြမည် ဖြစ်သည်။
လမ်းလျှောက်ရင်း ရောက်တတ်ရာရာ တွေးလာသည့် ကိုသက်အောင် တစ်ယောက် ထာပွဲလမ်းဆုံး ပိတ်စွယ်ဘက် ချိုးကွေ့ကာ နီးအချိန် မှာတော့ မျက်လုံးအစုံ ကျယ်ခနဲ ဖြစ်သွားရပါ၏။
ကိုသက်အောင်နှင့် ဆန့်ကျင်ရာ လမ်းဘက်သို့ ကျောခိုင်း ထွက်ခွာတော့မည့် လွယ်အိတ် နှင့် ချာတိတ် လေးကို မြင်လိုက် မိ၍လေ။ အခြား ကလေးများနှင့် ကွဲပြားလှသော ပေစုတ်စုတ် ပုံစံအပြင် သူသာဖြစ်ကြောင်း ပိုသေချာ သွားရသည်က လက်ထဲပွေ့ ထားသည့် အိုနာကျိုးကန်း ခိုကလေးများ သာတည်း။ သုံးလေးကောင် ထက်မနည်းသော ခိုကလေးတွေ။ ဇက်ကျိုးသည့် အကောင်ကကျိုး၊ တဖျပ်ဖျပ် ရုန်းဆဲ အကောင်က ရုန်း၊ သွေးအလူးလူးနှင့် အကောင်က လူးနှင့်။ ကြည့်ရသည်မှာ သူလွယ်ထားသည့် လွယ်အိတ် ထဲ၌လည်း ခိုတွေ ဖမ်းထည့် ထားသလား မသိချေ။ အပြစ်မဲ့ တိရစ္ဆာန်လေး တွေကို အကြင်နာ တရားမဲ့စွာ နိုင်လိုမင်းထက် သတ်ဖြတ် နေသော ကလေးငယ်၏ အမူ အကျင့်အပေါ် စက်ဆုပ်ရွံရှာ စိတ်ဖြင့် ကိုသက်အောင်သည် ကိုယ် သွားရမည့် လမ်းဘက် မချိုးဖြစ်တော့ဘဲ ချာတိတ်ငယ် နောက် မရည်ရွယ်ဘဲ လိုက်မိသွားသည်။ စိတ်ကူး မိသည်က ကလေးကိုခေါ်ကာ နောက်နောင် ဒီလိုမလုပ်ဖို့ရာ ဆုံးမကြည့်မည်။ ဒီလိုမှ မဟန်သေးလျှင် လူကြီး နေရာမှနေ၍ ကြောက်အောင် လန့်အောင် နည်းနည်းပါးပါး ခြောက်လှန့် ကြည့်မည်။ ဥပမာ- ကလေး မိဘတွေ နာမည်ကို မေးတာမျိုး၊ ရပ်ကွက်ကို မေးတာမျိုး၊ တကယ် လုပ်မည့်ပုံ ပေါ်လျှင်ကလေး ရှိန်မည်ပါပဲ။ သို့ပေမဲ့ ရုတ်တရက် စိတ်ကူးပြန်ပြောင်း သွားသည်။ ဒီကလေး ခုလို လိုက်လုပ်နေ တာသည် တစ်ရက်တည်း မဟုတ်၊ တစ်လတည်းလည်း မဟုတ်။ သူ့တွင် ကိုသက်အောင်ကဲ့သို့ လမ်းကြုံပြောဆို ဆုံးမသွားသူတွေကို တစ်ခါ မဟုတ်တစ်ခါတော့ ကြုံဖူး ပြီးသားဖြစ်မှာပင်။ သို့ဆို လျှင် ကိုသက်အောင်၏ ရည်ရွယ်ချက် သည်လည်း အထ မြောက်တော့မှာ မဟုတ်။ ပြီးတော့ ဒီကလေးကို ခုလို လမ်းပေါ် တိုက်တိုက် ဆိုင်ဆိုင် ကြုံတွေ့ရဖို့က ခဲယဉ်းလှ သည်။ အင်းလေ၊ ပို့မဲ့ပို့တော့ လည်း။
လမ်းပေါ် နိစ္စဓူဝတွေ့ နေရသည် ဆို၍လည်း ကျောင်းမနေ တော့တာကို ခန့်မှန်း ကြည့်မိနိုင် နေပြီ။ သို့ဖြင့် ကိုသက်အောင် သိချင်တာ တစ်ခုပဲ ရှိတော့သည်။
ကလေး၌ မိဘတွေ မရှိဘူးလား။ မိဘမဟုတ် လျှင်တောင် သက်ဆိုင်ရာ အုပ်ထိန်းသူ တွေပေါ့။ သူတို့တွေဟာ သူတို့ သွေးသားရင်းချာ ကလေး လမ်းပေါ် ရောက်ပြီး ခုလို လျှောက်လုပ် နေတာကို မသိ ကြလေ သလား။ ဒါမှမဟုတ် တော်ရုံ အုပ်ထိန်းသူများ ကဖြင့် ခုလိုမပြောမဆိုဘဲ မလွှတ်ထား လောက်ကြ ဘူးထင်သည်။ တွေးနေဆဲမှာပင် ကလေးက လမ်းသွယ် တည့်တည့်လျှောက် နေရာမှ လမ်းကြားငယ်ထဲ ဖဲ့ဆင်းသွား သဖြင့် ကိုသက်အောင်လည်း အတွေးဖြတ်ကာ လိုက်သွားရသည်။ ကလေးက ဘာကို တွေးမိ သည်မသိ။ ကိုသက်အောင်ကို ကြည့်တာလား၊ သူ့ဘာသာသူ တခြားကို ကြည့်တာလား မသိစွာ နောက်ဘက် သို့ တစ်ချက် လှည့်ကြည့်သည်။ သို့ပေမဲ့ ကိုသက်အောင်ကို သူမှတ်မိပုံ မရပါ။ ကိုသက်အောင်က တော့ စိတ်ထဲ ဇဝေဇ၀ါ ဖြစ် သွားပါသည်။ ခုမှ သေချာ ကြည့်မိသည်။ ဒီကလေးလို မျက်နှာပေါက်မျိုး ကိုသက်အောင် စိတ်ထဲ မြင်ဖူး နေသလို ရှိသည်။ ဟုတ်သည်။ တစ်နေရာရာ၌ သေသေ ချာချာကို မြင်ဖူးနေသည်။ ဘယ်နေရာ မှာလဲ ဆိုတာကိုသာ မမှတ်မိ တော့တာ။
ကလေးက လမ်းကြား ငယ်လေး အဆုံး၌ အနည်းငယ် နိမ့်သော လျှိုထဲလျှော ဆင်းသွားသည်။ သူက ကလေးမို့ လျှောဆင်း သွားနိုင် ပေမဲ့ ကိုသက်အောင် လိုက် မဆင်းဖြစ်တော့ လူသွားလမ်း တည့်တည့်မှပင် သုတ်သုတ် နှင်ရတော့သည်။ မျက်ခြည်ပြတ် သွားမည် စိုး၍လေ။ တော်ပါသေးသည်။ သိပ်မကွာ ပေလို့။ ကိုယ့်ဇောနှင့် ကိုယ်သွား နေရင်းမှ လူနေ အိမ်ခြေတွေ ကျဲပါး လာသည့် အနေအထားကို ကိုသက်အောင် သတိ ပြုမိလာနေ သည်။ တွင်းတော တွေ ဘက်တောင် ရောက်လာပြီ ပါလား။ အဲ၊ တစ်ချိန်တုန်းက ဖက်စပ်တွင်း လုပ်ကွက် နေရာတွေပေါ့လေ။ လွန်ခဲ့သည့် သုံးလေးနှစ် ကအထိ မနွယ်ချို ကျောက်လာ ၀ယ်တိုင်း ကိုသက်အောင် မကြာမကြာ လိုက်လာခဲ့ဖူး သည်။ ထာပွဲဘက်က အပြန် မနွယ်ချိုကို တွင်းတော ထဲဝင်ကြို ရတာဖြစ်သည်။ ထိုစဉ်က ဟိုးကျောက်တွင်း လုပ်ကွက်ဟောင်း ရေအင်းစပ် တစ်လျှောက် တွင် ခနွှဲ ဆေးသမား လေးတွေများ ဖွေးလို့။ အထူး သဖြင့် ဆယ်နှစ် ၀န်းကျင်နှင့် အထက် ခနွှဲ ဆေးသ မားလေး တွေ။
နေစမ်းပါဦး။ ဒီကလေး က တွင်းတောနား မှာနေတာ လား။ မဖြစ်နိုင်ပါ။ ဒီကွင်း ပြင်နားတစ်ဝိုက် လူနေအိမ်မှ မရှိဘဲလေ။ ဒီကလေးကြည့် ရတာ ခိုတွေဖမ်းလာပြီး လူသူမနီးသည့် ခုလိုနေရာမျိုး တွင် လာချက်ပြုတ် စားလေ သလား။ အတွေးတစ်စနှင့် ကိုသက်အောင် မျက်မှောင် ကြုတ်နေဆဲမှာ ကလေးငယ် က ကမူ တစ်ခုပေါ် လွှားခနဲ ခုန်တက် သွားသဖြင့် ခပ်သုတ်သုတ် ပြေးလိုက် သွားရ သည်။ ထိုကမူမှ အောက် ဘက်ဆင်း လိုက်သောအခါ တဲငယ်လေး တချို့ ဘွားခနဲ ပေါ်လာသဖြင့် ကိုသက်အောင် အံ့အားသင့်သွား သည်။
ဟောဗျာ။ ဒီလျှိုထဲမှာ အိမ်လေးတွေ ရှိနေပါလား။
ကလေးက လှည့်ကြည့် လှည့်ကြည့် လုပ်နေရင်းမှပင် တစ်ခုသော တဲငယ်လေးဆီ အရောက်မှာ အသံတစ်သံ ပြုလျက် ခပ်သွက်သွက် ၀င်ပြေး သွားပါသည်။ မထူးတော့ပြီ ဖြစ်သည့် ကိုသက်အောင်က လည်း တဲတွင်း လိုက် ၀င်ဖို့ ရာ ခြေ လှမ်း ပြင်လိုက်သည်။
ထိုစဉ်မှာပဲ အသံတစ်သံက ကိုသက်အောင်၏ ခြေလှမ်းတို့ကို ရှေ့ဆက် မသွားအောင် ရပ် တန့်စေလိုက်ပါ သည်။ ယင်းမှာ သက်ကြီးရွယ်အို တစ်ယောက်၏ တိုးလျနေသော အသံပဲ ဖြစ်လေသည်။
ငါ့မြေးသွားတာ ကြာလိုက်တာ။ စောစောကပဲ အရက်ဆိုင်က မိန်းမလာသွား သေးတယ်။ ဒီနေ့ခို ဘယ် နှကောင် ရမလဲတဲ့”
ကိုသက်အောင်၏ အံ့သြတုံ့ဆိုင်း သွားသော ခြေလှမ်းများနှင့် ချာတိတ်ငယ် ချာခနဲ လှည့်ကြည့် လာသည့် မျက်ဝန်းများသည် တစ်ပြိုင်နက် တည်းဟုဆိုရမည်။ ကွပ်ပျစ်ပေါ်တွင် ထရံကို မှီထိုင်နေသည့် အဘွားအို ကတော့ တဲပေါက်ဝ၌ ထီးတည်းကြီး ရပ်နေသူ လူစိမ်းကို မမြင်ပါ။
မမြင်ဆို အသွားအို၏ မျက်စိ နှစ်ကွင်းလုံး တိမ်စွဲကာ အဖြူသက်သက် ချည်းဖြစ်နေ ရှာသည်ကိုး။
ကလေးသည် ကိုသက်အောင်ကို တစ်လှည့်၊ သူ့ လက်ထဲမှ ခိုများကို တစ်လှည့် ကြည့်သည်။ ခဏမျှ ဆုံမိသော အကြည့်နှစ်စုံကြား အသံမဲ့ စကားလုံးများစွာ လွန်းထိုးသွားကြ သည်ကို ကာယကံရှင် တွေသာ သိလိုက်ကြပါ သည်။ ကလေးသည် ကိုသက်အောင်ကို မှတ်မိသွားတာလား။ ဒါမှမဟုတ် သူ့ နောက်သို့ ကိုသက်အောင် ဘာကြောင့် လိုက်လာခြင်း ဖြစ်ကြောင်း သိသွားသလား ဖြင့်မသိချေ။ တဒင်္ဂမျှ အတွင်း မသိစိတ်မှ တုန်လှုပ်မှုဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်မိခိုက်မှာ ထရံ၌ မှီထောင်ထား သည့် တစ်စုံတစ်ခု ကို ကိုသက်အောင်၏ ခြေထောက်က သွားတိုက်မိ လိုက်သည်။ လှည့်ကြည့် လိုက်မိတော့ အသုံးမပြုတာ ကြာ၍ ရွှံ့စက်တွေ သွေ့ခြောက်ကာ ပင့်ကူမျှင် တချို့တန်းနေသော ခနွှဲ ဆေးဆန်ခါငယ်။ နံဘေးမှာ တော့ တုံးလုံးပက် လက်ရှိနေသည့် ပေါက်ပြားတို ကလေး။
ဟဲ့၊ ဘာသံလဲ ငါ့မြေး” တိုက်မိသံကြောင့် အဘွားအို မေးသည်ကို ကလေးငယ်က ခဏမျှတုံ့ဆိုင်း နေပြီးမှ“ကြောင်တိုးတာ ပါ အဘွား”ဟု တိုးတိတ်စွာ ဖြေပါသည်။ ကိုသက်အောင် နှင့် ဒုတိယ အကြိမ်မြောက် အကြည့်ချင်း ဆုံမိချိန်မှာ ဒီတစ်ခေါက် မျက်လွှာချမိရ သည်က ကိုသက်အောင် အလှည့်ပဲ ဖြစ်လေသည်။ လေးကန်သော ခြေလှမ်းများ ဖြင့် လာရာလမ်းဆီ လှည့်ပြန် လာသည့် ကိုသက်အောင် မျက်လုံးထဲမှာ ပုံရိပ်လေးတွေ တန်းစီပေါ်လာ နေကြသည်။ နားထဲမှာလည်း မနွယ်ချို၏ အသံသဲ့သဲ့။
အိမ်က သားနဲ့မှ ရွယ်တူနော် ကိုအောင်။ တချို့က ကျောင်းပိတ်ရက်မှ ခနွှဲလာ ဆေးကြတာပေမဲ့ တချို့တွေ ကျတော့ ကျောင်းမနေ ကြရဘူး ထင်တယ်နော်။ သနားစရာ ကောင်းလိုက်တာ
ဒီကျောက်က နှစ်ရာမရဘူး အန်တီရဲ့။ ငါးရာရမှ ရောင်းမှာ”ဟုဆိုသည့် နှပ်ချေးတွဲလဲ နှင့် ကလေးမ လေး။ဒီနေ့ခနွှဲဆေးတာ တစ်ထောင်ရတယ်။ ဆန်တစ်ပြည် ၀ယ်ပြန်မယ်”ဟူသည့် သွားကျိုး ငုတ်တုတ်နှင့် ၀မ်းသာအားရ ပြောနေသော ကလေးငယ်။ ပြီးတော့ အချင်းချင်းကြား နေရာအမြဲ လုကာ လူလည်ကျတတ် သော ဆယ်ကျော်သက် ပေါက်စကလေး ပြီးတော့...။ ကိုသက်အောင်ခေါင်း ထဲ မေးခွန်းတစ်ခု တဖွားဖွား ပေါ်လာနေသည်။ဘုရား...ဘုရား။ ခုချိန် မှာ သူတို့...သူတို့လေးတွေ ကော ဘယ်များ ရောက်နေကြ ပါလိမ့်။FB_IMG_1427359435112.jpg

Sort:  

ကောင်းချက်ကတော့ Screenshot_2018-06-05-13-42-08-67.png

အများကြီးဖတ်​လိုက်​ရတယ်​ဗျို့....

Coin Marketplace

STEEM 0.64
TRX 0.10
JST 0.074
BTC 56391.30
ETH 4542.59
BNB 621.90
SBD 7.22