"ပိ​တောက်​အိမ်​"

in #story4 years ago

ဘုရား ... ဘုရား .. ကျုပ်လက်တွေ လှုပ်လို့မရတော့ပါလား။ ဟင် .. ခြေ .. ခြေထောက်တွေကရော၊ ကျုပ် လေဖြတ်သွားပြီထင်တယ်၊ ဒုက္ခပါပဲ။ အဲဒီရောဂါဟာ ကျုပ်တစ်သက်မှာ မဖြစ်ချင်ဆုံးဝေဒနာပဲ။ အိမ်ကြီးတစ်လုံးလုံးမှာ ကျုပ်တစ်ယောက်တည်း။ ဘယ်လိုလုပ်ရပါ့။ စေ့ထားတဲ့တံခါးကြားက ဝင်လာတဲ့အလင်းတန်းကြောင့် ကျုပ် ညက တံခါး သေသေချာချာမပိတ်ဖြစ်ဘဲ အိပ်ပျော်သွားတာဖြစ်မယ်။ တော်ပါသေးရဲ့။ အဲဒီတံခါးကို တွန်းဖွင့်ပြီး တစ်ယောက်ယောက်ဝင်လာရင် ရတာပေါ့၊ လာခဲ့စမ်းပါဗျာ ..။
ကျုပ်နားကို လူတစ်ယောက်လောက်...။ တစ်ဖက်ခြံကကောင်လေးကို ကျုပ် အားကိုးတကြီးနဲ့ လှမ်းခေါ်လိုက်တယ်။ " မောင်ဌေး ... မောင်ဌေး .. မောင်ဌေးရေ "လို့။ ဒါပေမယ့် ကျုပ်ပါးစပ်ကအော်သလောက် လေသံက မြင့်မလာဘူး။ ပြီးတော့ ထွက်လာတဲ့အသံကလည်း မပီမသ၊ ဗလုံးဗထွေးနဲ့။

" မ လောင် ... မ လောင် .... ထွေး ....ထွေး ... "

ကျုပ်မျက်လုံးထဲက မျက်ရည်တွေ စီးကျလာတယ်။ လမ်းမပေါ်ကဖြတ်သွားတဲ့ လူသံတွေနဲ့ ခြံရှေ့မှာ ဆူဆူညံညံအသံတွေ ကြားတယ်။ ပိတောက်တွေ ပွင့်ပြီထင်ပါရဲ့။ မနက်မိုးလင်းရင် ပိတောက်ပန်းတွေ မြင်ရတော့မယ်ဆိုတာ ကျုပ် အလိုလိုသိနေတယ်။ ပိတောက်တစ်ကြိမ်ပွင့်တိုင်း ကျုပ်ရင်ကိုစုံကန်သွားတဲ့ သင်းကို အသည်းနာရတာ ကြာခဲ့ပေါ့။ ဒါနဲ့ ကျုပ် ညက အရက်တွေသောက်ပြီး အိပ်ပျော်သွားတာ .. ။

" ဦးလေးရေ ... ဦးလေး .."

ကျုပ်ရင်ထဲ ထိတ်ခနဲ ဝမ်းသာသွားတယ်။ စေ့ထားတဲ့တံခါးချပ်ကို တွန်းဖွင့်ဝင်လာတဲ့အသံနဲ့ မရှေးမနှောင်းမှာပဲ မောင်ဌေးက ပိတောက်ကိုင်းကြီးတစ်ကိုင်းကို ကိုင်လာပြီး ကျုပ်ရှေ့ ရောက်လာတယ်။

" ဦးလေး ညက တော်တော်နဲ့ အိပ်မပျော်ဘူးထင်တယ်။ ဒီမနက် ပိတောက်တွေပွင့်တာ အားကြီးပဲ၊ ဆူညံနေတာတောင် ဦးလေး အိမ်ပေါ်ကဆင်းလာတာ မတွေ့လို့ ကျွန်တော် လာခဲ့တာ။ ဟောဒီပိတောက်ပန်းတွေ ညောင်ရေအိုးထိုးပေးခဲ့မယ် ... "

နမော်နမဲ့နိုင်တဲ့မောင်ဌေးက ကျုပ်ကို သေချာမကြည့်ဘဲ ပိတောက်ကိုင်းကြီးထဲက ပိတောက်ခက်တွေကို ဖဲ့ဖဲ့ပြီး သပ်ရပ်အောင် အရွက်တွေခြွေနေတယ်။ ကျုပ်က ရုတ်တရက် ပိတောက်တွေကို ငိုင်တွေကြည့်နေမိပြီးမှ မောင်ထွေးကို ကျုပ်နားလာဖို့ လက်ယပ်ခေါ်လိုက်တယ်။ မောင်ထွေးက ကျုပ်ခေါ်တာကို မမြင်ဘဲ စကားတွေဆက်ပြောနေသေးတယ်။

" သင်္ကြန်ကျဖို့ နှစ်ရက်ပဲလိုတော့တယ် ဦးလေးရ၊ မနက်ဖြန်ကျရင်တော့ သင်္ကြန်ပန်းတွေချိုးပြီး တာအိုးထိုးရတော့မယ်။ ဦးလေးအတွက်ပါ ကျွန်တော် ပိုချိုးခဲ့မှာပါ .."

ကျုပ်က အိပ်ယာခင်းကို ကောင်းတဲ့လက်နဲ့ တဘုန်းဘုန်းရိုက်ပြီး ခေါ်တော့မှ မောင်ဌေးက ကျုပ်အဖြစ်ကိုတွေ့ပြီး အထိတ်တလန့်နဲ့ " ဟင် .. ဦးလေး ဘာဖြစ်သွားတာလဲ .. "ဆိုပြီး ကျုပ်နား ပြေးကပ်လာတယ်။

" ဘယ် ... ဘယ် .. ရို .. ဖ ရစ် ... ဖ ...ရစ် .. "

ဘယ်လိုဖြစ်သွားလဲ မသိပါဘူးကွာလို့ သူ့ကို ပြောချင်တာ၊ ပြောလို့မထွက်ဘဲ ဘာသံတွေ ထွက်လာမှန်းမသိဘူး။ မောင်ဌေးက ကျုပ်ကို အသေအချာကြည့်ပြီး " ဦးလေး လေဖြတ်သွာတာပဲဖြစ်မယ်။ ကျွန်တော် ဆရာဝန်ပြေးခေါ်မယ်။ ခဏလေးနော် ဦးလေး ... "ဆိုပြီး မောင်ဌေးပြန်ထွက်သွားတယ်။ ကျုပ် အားရှိသွားတာတော့အမှန်ပဲ။ ဒီအချိန်မှာ မောင်ဌေးဟာ ကျုပ်အတွက် ကောက်ရိုးတစ်မျှင်ပေါ့။

=======================

ဝါးလုံးတွေ၊ သစ်ကိုင်တွေ၊ အုန်းလက်တွေနဲ့ ရေကစားမဏ္ဍပ်ဆောက်နေသူတွေ၊ စတုဒီသာကျွေးဖို့ စီစဉ်တိုင်ပင်နေကြသူတွေကို ကြည့်ပြီး ကလေးတွေဟာ ရုံးစုရုံးစုနဲ့ ပျော်ရွှင်ခုန်ပေါက်နေကြတယ်။ သူတို့ပါးစပ်ကလည်း " သင်္ကြန်ကျတော့မယ်ဟေ့ ... သင်္ကြန်ကျတော့မယ် ..."လို့ အသားလွတ်အော်ပြီး ပျော်သူပျော်၊ " သင်္ကြန်နှစ်ဦး တူးပို့တူးပို့ .. တီးနယ် တယ့်နယ် တယ် ... "ဆိုပြီး သီချင်းနဲ့ ပါးစပ်ဆိုင်းကို တွဲဆိုပြီး လိမ်ဖည်ဖည်ပျော်နေတဲ့ ကလေးတွေကိုကြည့်ပြီး မေခင် သင်္ကြန်အကြိုနေ့ရနံတွေကို ရှူရှိုက်နေမိတယ်။

မောင်တို့တစ်သိုက်ကတော့ မဏ္ဍပ်ကို လှသထက်လှအောင် အုန်းလက်စိမ်းစိမ်းစိုစိုတွေနဲ့ မွမ်းမံနေကြရင်းနဲ့ " ပိတောက်ပန်းရတဲ့နေ့ကျရင် ဟောဒီအုန်းလက်တွေကြားမှာ ပိတောက်ကိုင်းတွေ ညှပ်ညှပ်ပြီး စိုက်ထားရမယ်ဟေ့.. "ဆိုတဲ့ မောင့်အသံနဲ့ မရှေးမနှောင်း " ကက်ဆက်ဖွင့်ကွာ .. ကက်ဆက်ဖွင့်လိုက် ..."ဆိုတဲ့အသံ၊ ပြီးတော့ မကြာခင် " ဟေး ... ဟေး .. နွေမ .... နွေမရဲ့ ကပုံလေးက ချစ်စရာကွယ် ... ဟေးဟေး နွေမ .. "။ မဏ္ဍပ်ဆောက်နေတာက အိမ်ရှေ့နားတင်မို့ မေခင် သမီးကို ထမင်းခွံ့ရင်းက အိမ်ပေါ်ကနေ အကုန်မြင်တွေ့နေရတယ်။ " ရှာပုံတော်မင်းသားကြီး မဏ္ဍပ်တကာ ရောက်ခဲ့ပြီ ... ဘယ်မြို့သူ ဘယ်ကမှန်းလည်း အတပ်တော့ မသိခဲ့ပြီ ...။"

မေခင် မဏ္ဍပ်ဘက်ကို လှမ်းကြည့်လိုက်မိတယ်။ မောင်ကလည်း အိမ်ပေါ်ကမေခင့်ကို လှမ်းကြည့်နေတာမြင်ပြီး နှစ်ယောက်စလုံး ပြိုင်တူ ပြုံးလိုက်မိကြတယ်။ မေခင်နဲ့မောင်က တစ်ခုသောသင်္ကြန်မှာ ဆုံခဲ့ကြတာပေါ့။ အဲဒီနှစ်က မေခင် ရန်ကုန်သွားလည်ရင်း သင်္ကြန်မဏ္ဍပ်တစ်ခုမှာ ဆုံခဲ့ဖူးတာကိုး။ အဲဒီတုန်းက မောင်နဲ့မေခင် အမှတ်မထင်ဆုံလိုက်ရပြီး နောက်နှစ်မှာ မောင်က မေခင့်ကို လိုက်ရှာခဲ့တယ်ဆိုတာ မောင်ပြန်ပြောပြမှ မေခင်သိရတာပါ။ ဒါပေမယ့် သင်္ကြန်တစ်နှစ်မှာ မောင်နဲ့မေခင် ပြန်ဆုံတွေ့ရပုံကတော့ ခပ်ဆန်းဆန်းပဲနော်။ မဏ္ဍပ်မှာ မဟုတ်ဘူး ... ။

မေခင်တို့ခြံထဲ ပိတောက်ပင်ကြီးနှစ်ပင်ရှိတယ်။ တစ်ပင်က အိမ်ရှေ့မှာ၊ တစ်ပင်က ခေါင်းရင်းခြံစည်းရိုးနားမှာပေါ့။ နှစ်တိုင်းနှစ်တိုင်း ဝါထိန်ပြီး ဆုပ်ခဲနေအောင် ပွင့်တာ။ ပိတောက်ဆိုတာ အဝါတော့အဝါရောင်ပေါ့။ ဒါပေမယ့် အချို့ပိတောက်က အဝါရောင်ဖျော့တယ်။ အချို့က အပွင့်ကျဲတယ်။ အချို့က ပွင့်ဖတ်သေးတယ်။ မေခင်တို့အိမ်က ပိတောက်က အဲဒီလို မဟုတ်ဘူး။ သိပ်လှတယ်။ အဲဒီပိတောက်တွေ တအားပွင့်တဲ့ သင်္ကြန်အကြတ်နေ့တစ်ရက်မှာတော့ မေခင်တို့အိမ်ရှေ့ကို ပိတောက်ပွဲတော်ဆိုတဲ့ အလှကားတစ်ကားဆိုက်ပြီး ဖေဖေ့ဆီမှာ ပိတောက်ပန်းတွေရောင်းဖို့ လာတောင်းဝယ်ကြတယ်။ ဖေဖေက ကိုယ့်ဟာကိုယ် ကြိုက်သလောက်ခူးသွားကြလို့ အလကားပေးလိုက်တယ်။ အဲဒီအချိန်မှာ ကားပေါ်က တပျော်တပါးကြီး ဆင်းပြီး ပိတောက်ပန်းတွေခူးကြသူတွေထဲမှာ မောင်ပါလာပြီး မေခင်နဲ့ ပြန်တွေ့တာပေါ့။ ဖေဖေဟာ အဲဒီနေ့က သူ ရက်ရက်ရောရောပေးလိုက်တဲ့ ပန်းတွေနဲ့အတူ သူ့အချစ်ဆုံးသမီးလေးရဲ့အသည်းနှလုံးတစ်စုံပါ ရောပါသွားတာကို သိလိုက်ဟန်မတူပါဘူး။

========================

ဒီနေ့ဆို ကိုတင်ဖေဆုံးတာ သုံးနှစ်ရှိပြီ။ မြေးမလေး သင်းပိတောက် တစ်သက်ပေါ့။ မြေးမလေးတစ်သက်ဆိုပေမယ့် သူ တွေ့ခွင့်မရသွားရှာဘူး။ သူက သင်္ကြန်မတိုင်ခင် ဆုံးရှာတာ။ သင်းပိတောက်က သင်္ကြန်တွင်းမှာ မွေးတာလေ။ ခုနေခါများ သူရှိခဲ့ရင် သူ့မြေးမလေးကို ဘယ်လောက်ချစ်ရှာလိုက်မလဲ။ သူ့ဘိုးအေရက်မလည်ခင် သူ့ကို မွေးတာပေါ့။ အဲဒီတုန်းက ကျွန်မမှာ ဗျာများလိုက်ရတာမပြာပါနဲ့တော့။ ကိုယ်ရပ်ကိုယ့်ရွာကလည်းမဟုတ်တော့ ပိုပြီးဆိုးတာပေါ့။ ဘယ်သူမဆို ကိုယ့်ရပ်ကိုယ့်ရွာဆိုတာ ကိုယ့်အတွက် တအားပဲ။ ကိုဘအောင်ကို ငဲ့တာကတစ်ကြောင်း၊ ကိုယ့်အတွက် လုပ်ငန်းကိုင်ငန်းကလည်း အဆင်ပြေတာကတစ်ကြောင်းမို့သာ ပြောင်းလာရတာ။

ေဩာ် .. ကိုဘအောင်ဆိုတာက ကျွန်မတို့ကို သူ့ရဲ့ မဟာရန်သူတော်ကြီးတွေလို့ သတ်မှတ်ထားတဲ့သူပေါ့။ ကျွန်မတို့မြို့ကလေးက အတော်လေးပျော်စရာကောင်းတာ။ ကျွန်မတို့ခပ်ငယ်ငယ်ကဆို မြို့ကလေးတောင်ဘက်ဖျားမှာ စမ်းချောင်းလေးတစ်ခုက ရစ်ခွေစီးဆင်းလို့။ အဲဒီစမ်းချောင်းကလေးဟာဆိုရင် အခါတွင်းဆို ရွာထဲက ကာလသားတွေ ငွေဖလားသေးသေးကလေးတွေနဲ့ စောင့်ပြီး လုံမပျိုတွေကို ရေလောင်းနေကျနေရာလေးပေါ့။ ပြီးတော့ ကျွန်မတို့မြို့ကလေးမှာ အဲဒီအချိန်တုန်းက ချစ်စရာကောင်းတဲ့ အလေ့အထတစ်ခု ရှိသေးတယ်။ အဲဒီကာလသားတွေက စမ်းချောင်းထဲကရေကို ပုခုံးနဲ့ထမ်းပြီး အဘိုးအို၊ အဘွားအိုရှိတဲ့အိမ်တွေကို သွားပြီး ရေကန်တော့ကြတယ်။ သူတို့ရေလောင်းချင်တဲ့ မိန်းမပျိုတွေ အပြင်မထွက်ကြဘူးဆိုရင်တော့ ငွေဖလားထဲမှာ သပြေခက် နှစ်ပြီးတော့ အုပ်ထိန်းသူမိဘမောင်ဖားတွေကို ရေကန်တော့ပြီး အဲဒီလုံမပျိုကိုပါ ရေလောင်းခွင့်တောင်းပြီး ရေပက်ဖြန်းရတယ်။ အဲဒီအခါမှာ သပြေခက်လေး တစ်ခက်နှစ်ခက်နဲ့ ရေပက်ခံရပေမယ့် ကိုယ်စိတ်ဝင်စားတဲ့ ကာလသားဆိုရင်တော့ လုံမပျိုရဲ့ရင်ထဲမှာ ရှက်တက်တက် ရင်ဖိုဖိုနဲ့ ရေစိုပေမယ့် ရင်ထဲမှာနွေးလို့သွားရတယ်။

ကျွန်မတို့အရပ်က ကာလသားတွေထဲမှာတော့ ကိုဘအောင်နဲ့ကိုတင်ဖေတို့ကတော့ အဆိုးဆုံးပေါ့။ အဲဒီသူငယ်ချင်းနှစ်ယောက်ဟာ တစ်နှစ်သောသင်္ကြန်မှာ မိန်းကလေးတစ်ဦးကို အပြိုင်ပိုးပန်းရင်းက စိတ်ဝမ်းကွဲစရာတွေဖြစ်သွားကြတယ်။ အဲဒီမိန်းကလေးက ကျွန်မ မဟုတ်ပါဘူး။ မမြနုဆိုတဲ့ ကွမ်းတောင်ကိုင် မိမ်းကလေးတစ်ယောက်ပါ။ ကိုဘအောင်ဟာ ကံကောင်းသူအဖြစ်နဲ့ မမြနုနဲ့ အကြောင်းပါသွားပေမယ့် ကံဆိုးရှာတဲ့မမြနုကတော့ သမီးလေးတစ်ယောက်မွေးပြီး မကြာခင်ပဲ ဆုံးသွားရှာတယ်။ ကိုဘအောင်ဟာ သူ့သမီးကလေးကိုများ ချစ်လိုက်တာတုန်လို့။ နောက်အိမ်ထောင်လည်း မပြုတော့ဘူး။ သူ့သမီးလေးမျက်နှာငယ်မှာစိုးလို့၊ မိထွေးနှိပ်စက်မှာစိုးလို့တဲ့။ အတော်တော့ အစွဲအလမ်းကြီးတဲ့သူ။ စိတ်လည်း အတော်မာတယ်။

ဖြစ်ချင်တော့ ငယ်ငယ်ကတည်းက ရန်ကုန်ကအဘိုးအဘွားတွေနဲ့ နေပြီး ရန်ကုန်မှာပဲ ကျောင်းတက်ပြီးကြီးပြင်းခဲ့ရတဲ့ ကျွန်မတို့သားက ဇာတိမြို့လေးကိုပြန်လာတဲ့ သင်္ကြန်တစ်နှစ်မှာ သူ့သမီးလေးကိုတွေ့ပြီး ကလေးချင်း မေတ္တာမျှကြပါရော။ ကျွန်မတို့လည်း အချိန်ကြာမှသိရတော့ အံဩရုံကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူးပေါ့။ သူတို့ချင်းက ရန်ကုန်မှာ တစ်နှစ်ဆုံခဲ့ဖူးတယ်ဆိုတာကိုး။ ကျွန်မသားက မိန်းကလေးကို အတော်မြတ်မြတ်နိုးနိုး ချစ်ရှာတာပါ။ ဘယ်လိုမှ ဖျောင်းဖျလို့မရဘူး။

" နဂိုကတည်းကမှ ဘအောင်နဲ့ အဆင်မပြေရတဲ့ကြားကွာ။ ကျောင်းတော်ကရန်စကြောင့် တစ်ယောက်မျက်နှာတစ်ယောက် မကြည့်ဘဲရှောင်နေတာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။ အခု ဒီကောင်လုပ်ခါမှ ပြဿနာတက်တော့မှာပဲ .. "လို့ တဖျစ်တောက်တောက်ညည်းနေတဲ့ သူ့အဖေကို ကျွန်မ မရဲသော်လည်း ပြေးခဲစေ လုပ်ရတော့တာပေါ့။

" အို ..ရှင်ကလည်း ဒါက ကလေးတွေကိစ္စပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ ကိုယ်ပြုပြင်လို့ ရတာမဟုတ်တာ။ ဟိုတုန်းက ရှင်တို့ကိစ္စတွေက ကြာခဲ့ပြီ။ ဒါတွေကို ထည့်တွက်မနေစမ်းပါနဲ့ "

" မတွက်လို့ မဖြစ်ဘူးကွ။ ဘအောင်အကြောင်း ငါအသိဆုံး၊ ဒီကောင်က သိပ်အငြိုးကြီးတာ .. "

" ကြီးလည်း ကိုယ်က သားရှင်ပဲ။ သည်းခံရမှာပေါ့တော် "ဆိုပြီး တစ်နေ့တစ်နေ့ အဲဒီအကြောင်းတွေတွေးပြီး ရင်မအေးနေရတဲ့အချိန် တစ်နံနက်ခင်းမှာ ကျွန်မ ဈေးသွားရင်း လမ်းမှာ ကိုဘအောင်တို့ရဲ့အိမ်နီးချင်း မြောက်ပိုင်းကမအေးမိနဲ့တွေ့တော့ သူက ကျွန်မအနားကပ်ပြီး အသာ တိုးတိုးမေးတယ်။ သူ့အမူအရာကိုမြင်တာနဲ့ ဘာ့ကြောင့်မှန်းမသိဘူး။ ကျွန်မရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။

" ဟဲ့ .. အေးသီ ..ကိုဘအောင်သမီးကလေး ပျောက်နေလို့တဲ့။ ညည်းသားနဲ့လို့ သတင်းထွက်နေတယ်။ ညည်းသားရော အခု အိမ်မှာရှိရဲ့လား .. "

သား ညက အိမ်ပြန်မလာကြောင်း ပြောပြီး အဲဒီနံနက်က ကျွန်မ ဈေးတောင်မဝယ်တော့ဘဲ အိမ်ကို ပြန်ပြေးခဲ့ရတယ်။ ညက သားပြန်မအိပ်မှန်း မသိသေးတဲ့သူ့အဖေဟာ ဈေးက ဘာမှမဝယ်ဘဲ ဆွဲခြင်းအလွတ်နဲ့ အိမ်ပြန်လာတဲ့ကျွန်မကို မျက်နှာသစ်ပြီးခါစ မျက်နှာသုတ်ပုဝါ ကိုင်လျက်တန်းလန်းနဲ့ အထူးအဆန်းလို့ လှမ်းကြည့်နေတယ်။

" မင်း ဈေးသွားတာမဟုတ်ဘူးလား၊ ဘယ်လိုဖြစ်လာတာလဲ .. "လို့ ဆီးမေးတယ်။ ကျွန်မက အကျိုးအကြောင်းပြောပြတော့ သူလဲ စိတ်ပူသွားတော့တာပေါ့။

" အေးအေးဆေးဆေးစဉ်းစားပြီးမှ လုပ်တာမဟုတ်ဘူးကွာ။ ငါတို့ လိုက်တောင်းရမ်းမပေးရဲဘူး ထင်ပြီး ဒီကောင် ခိုးပြေးတာဖြစ်မှာ။ ခက်တော့တာပဲကွာ .. "

ကျွန်မတို့နှစ်ယောက် ဘာမှတောင်မတိုင်ပင်ရသေးခင်မှာပဲ အိမ်ရှေ့ကနေ အသံနက်ကြီးနဲ့ " တင်ဖေ... ဟေ့ကောင် တင်ဖေ .. "ဆိုတဲ့ အသံကို ကြားရတော့တာပဲ။ ကျွန်မတိုနှစ်ယောက် အိမ်ရှေ့ကို ပြေးထွက်လာကြရင်း သူ့ကိုလည်း ပြေပြေလည်လည်ဆက်ဆံနော်လို့ သတိပေးရသေးတယ်။ ကျွန်မတို့အိမ်ရှ့ခန်းအရာက် အိမ်ပေါ်ကို ဒေါနဲ့မာန်နဲ့တက်လာတဲ့ ကိုဘအောင်နဲ့ ဘွားခနဲသွားဆုံလိုက်ရတယ်။ ကျွန်မတို့က အချိုသာဆုံးမျက်နှာနှင့် " ကိုဘအောင် ထိုင်ပါရှင်၊ ထိုင်ပါဦး .."

သူက ကျွန်မကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မမှတ်ဘဲ ကိုတင်ဖေကို စူးစူးဝါးဝါးကြည့်ပြီး " ဟေ့ကောင်တင်ဖေ ငါ့သမီးကို အခု ထုတ်ပေး "လို့ ပြောတယ်။ သူ့ကြည့်ရတာလည်း အတော်မောနေပုံပဲ။
ကိုတင်ဖေက " ထိုင်ပါဦး ကိုဘအောင်ရယ်။ အေးအေးဆေးဆေး ပြောကြတာပေါ့ဗျာ.."
" ဟုတ်ပါတယ်ရှင်။ ထိုင်ပါဦး "

" ကျုပ် ထိုင်ဖို့လာတာမဟုတ်ဘူး။ ဘယ်မှာလဲ ကျုပ်သမီး .. ။ ကျုပ်သမီးနဲ့ အခု တွေ့ချင်တယ် "
" အေးအေးဆေးဆေး တိုင်ပင်ကြတာပေါ့ ကိုဘအောင်ရယ်။ အဲဒီကိစ္စကို ကျွန်တော်လည်း ခုလေးတင်မှ သိရတာပါ "

" အပိုတွေ ပြောမနေနဲ့။ ဘာမှ တိုင်ပင်စရာမလိုဘူး။ ငါ့သမီး ဘယ်မှာလဲ၊ ဒါပဲပြော .. "
" ကျွန်တော်လည်း ဘယ်သိဦးမလဲဗျာ။ ဒီလိုပဲ ရှာရမှာပေါ့။ ကလေးတွေက ကြောက်ပြီး ဘယ်ပုန်းနေမှန်းမှ မသိတာ .. "

" ဒါ မင်းတို့ သက်သက်လိမ်တာ၊ မင်းသားက ငါ့သမီးကို ဖြားယာင်းပြီး ယူတာကွ ..။ ငါ မကျေနပ်ဘူး။ လုံးဝ မကျေနပ်ဘူး။ မင်းတို့ ငါ့အကြောင်း သိစေရမယ် "
" ကိုဘအောင် စိတ်ကို လျှော့ပါဗျာ။ ခင်ဗျားသမီးလေးက အရွယ်ရောက်နေပါပြီ။ ဖြားယောင်းသွေးဆောင်ရမယ့်အရွယ် မဟုတ်တော့ပါဘူးဗျာ .. "
" ဟုတ်ပါတယ် ကိုဘအောင်ရယ်၊ စိတ်အေးအေးထားပါရှင်။ ကျွန်မတို့ တွေ့အောင်ရှာပြီး အမြန်ဆုံး ပြန်အပ်ပါ့မယ် "ဆိုတော့ သူက ငြိမ်ပြီး တွေသွားတယ်။

ခဏနေတော့ ကြိမ်ကုလားထိုင်ပေါ် အရုပ်ကျိုးပြတ် ပုံပြီးကျသွားပုံက သနားစရာကြီးပါ။ ချက်ချင်းလိုပဲ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လာပြန်ရော။

" ဒါဖြင့် မြန်မြန်ရှာလေ၊ လာ အခု သွားရှာရအောင် "ဆိုတော့ ကိုတင်ဖေက " ခင်ဗျား သိပ်စိတ်လှုပ်ရှားနေတယ် ကိုဘအောင်ရယ်။ အိမ်ပြန်ပြီး နားလိုက်ပါ။ ကျွန်တော် ကလေးတွေကို မတွေ့တွေ့အောင်ရှာပြီး ပြန်ပို့ပေးပါ့မယ် "
" ဟင့်အင်း .. ငါပါ လိုက်မယ်။ ငါ့သမီးကို မတွေ့မချင်း ငါစိတ်အေးမှာမဟုတ်ဘူး။ နေလို့ထိုင်လို့လည်း မရဘူး။ မင်းနဲ့အတူ ငါပါလိုက်ခဲ့မယ် "ဆိုတော့ ကျွန်မတို့နှစ်ယောက် အကျပ်ရိုက်သွားတယ်။

တကယ့်ကိုပဲ သူရောကျွန်မရော ကလေးတွေ ဘယ်ပြေးလို့ပြေးမှန်း သိတာမဟုတ်ဘူး။ ဘယ်နေရာက စရှာရမှန်း ဘယ်လိုစီစဉ်ရမှန်းလည်း မတိုင်ပင်ရသေးဘူး။ သူကလည်း ကျွန်မတို့လင်မယားရဲ့မျက်နှာရိပ်မျက်နှာကဲကို အကဲဖမ်းသလို မလွတ်တမ်း စိုက်ကြည့်နေတာ။ နောက်ဆုံးတော့ မတတ်သာတော့ဘဲ နေ့ချင်းပြန်လို့ရတဲ့ တောပိုင်းရွာတွေဆီက ထင်ရတဲ့နေရာတွေမှာ လျှောက်ရှာဖို့ ပြင်ရတော့တယ်။ ကိုဘအောင်ဟာ ကော်ဖီတိုက်တာတောင် မသောက်နိုင်ရှာဘူး။ တက်သုတ်ရိုက်ပြီး ထွက်သွားကြတဲ့ သူတို့နှစ်ယောက်ရဲ့ကျောပြင်ကို ကြည့်ပြီး ကျွန်မရင်တော့ ခပ်မောမောပဲ။ ကိုတင်ဖေကို သူနဲ့တွဲပြီး လွှတ်သာလွှတ်လိုက်ရတယ်။ စိတ်ကတော့ ခပ်ထင့်ထင့်ပဲ။ ခရီးသွားတဲ့လူထက်ကို အိမ်မှာစောင့်ပြီး သတင်းနားထောင်ရတဲ့လူက ပိုသောကရောက်တယ်။

သူတို့နှစ်ယောက် လမ်းတလျှောက်လုံး ဘယ်လိုပုံစံနဲ့များ ခရီးသွားကြမှာပါလိမ့်။ ကလေးတွေနဲ့တွေ့ရင် ဗြုန်ခနဲ ချောချောမောမောမှ ဖြစ်ပါ့မလား။ ဘယ်လိုများ ရင်ဆိုင်ကြမှာပါလိမ့်ဆိုတဲ့ သောကတွေနဲ့ လူဟာ နေမထိထိုင်မသာကိုဖြစ်လို့။ နံနက်ကိုးနာရီလောက်ကတည်းက ထွက်သွားတဲ့သူတွေဟာ ညဆယ့်တစ်နာရီကျော်မှ ကိုတင်ဖေတစ်ယောက်တည်း မောကြီးပန်းကြီးနဲ့ ပြန်ရောက်လာတယ်။ သူ့မျက်နှာကလည်း မှုန်မှိုင်းလို့။

" မောလိုက်တာကွာ။ ဘယ်မှာမှလည်း ရှာလို့မတွေ့ဘူး။ ထမင်းကလည်း ငတ်သေးတယ်။ သူက ဘာမှကျွေးလို့မရတော့ ငါလည်း ဘယ်စားလို့ကောင်းပါ့မလဲ။ သား သွားတတ်တဲ့နေရာတွေ၊ ပုန်းလို့ကောင်းမယ်ထင်တဲ့ ထင်ရတဲ့ရွာရော၊ သူ့သူငယ်ချင်းတွေရှိတဲ့ဆီရော တစ်နေကုန်သွားလိုက်ရတာ ခြေကိုညောင်းရောပဲ။ ငါ့မှာ ကိုဘအောင်ကို အားလည်းနာ မျက်နှာလည်းပူနဲ့၊ အတော်ဒုက္ခပေးတဲ့ကောင်ကွာ "

" အဲဒီလောက် လိုက်ရှာတာတောင် မတွေ့တာ သူ့အမြင်ပဲမဟုတ်လား။ ကျွန်မတို့အပေါ်ရော အမြင်ကြည်ရဲ့လား "
" ဘယ်ကြည်လိမ့်မလဲကွာ။ အမှန်မှာ သူက သူ့သမီးကို နေ့မကူးခင် ပြန်လိုချင်လို့ ငါ့နောက်ကို အချိုသတ်ပြီး လိုက်နေတာကွ။ ငါတို့သားနဲ့ ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူးတဲ့ "

" ဟင် ဟုတ်လား။ သူက အဲဒီလိုပဲ ရှင့်ကိုပြောလို့လား။ ဘယ်တုန်းက ပြောတာလဲ "
" ခုလေးတင် လမ်းခွဲခါနီးမှ ပြောသွားတာကွ။ ဘယ်မှာမှ မတွေ့တဲ့အဆုံး ညဥ့်ကလည်း နက်တော့မှာဆိုတော့ မှောင်ထဲမှာ မီးရထားသံလမ်းအတိုင်း လမ်းလျှောက်ပြန်လာရင်းနဲ့ ငါက နောက်ရက်တွေ ဆက်ရှာပြီး တွေ့တာနဲ့ မိသားဖသားပီပီ လာအပ်ပါမယ်ဆိုတော့ .. ဘယ်တော့မှ လာမအပ်နဲ့။ သူ လက်မခံဘူးတဲ့။ သူ့သမီးတစ်ယောက်တည်း ပြန်လာမယ်ဆို အချိန်မရွေးပဲတဲ့။ အခုလည်း သူ့သမီးတစ်ယောက်တည်းကို ပြန်ခေါ်ရအောင် လိုက်လာတာတဲ့ကွာ "

" ဒါကတော့ သွေးပူနေတုန်း ပြောတာပါတော်။ နောက်တော့လည်း အဆင်ပြေသွားမှာပါ "
" မင်း မထင်နဲ့နော် .. "

တကယ့်ကိုပဲ ကိုတင်ဖေပြောသလိုပါပဲ။ ကလေးတွေကို ပြန်တွေ့တဲ့အခါ ကျွန်မတို့ အဆင်ပြေဖို့ အမျိုးမျိုးကြိုးစားကြပါတယ်။ ဒါပေမယ့် ကိုဘအောင်က သိပ်စိတ်ကြီးတယ်။ ဘယ်သူမှ ဝင်ပြီးဖျောင်းဖျပေးလို့ မရဘူး။ ကလေးတွေနေသားတကျရှိသွားတဲ့ အခါကျတော့လည်း သမီးတစ်ယောက်တည်းက ခဏတဖြုတ် အဖေနဲ့တွေ့ချင်လို့ပါဆိုပြီး သွားကန်တော့တာတောင် အတွေ့မခံတော့တာ ဒီကနေ့အထိပဲ။ တစ်ရပ်တည်း တစ်ရွာတည်းနေရင် သူ အနေကျုံ့မှာစိုးတာရယ်၊ အရာရာကို အဆင်မပြေကြမှာရယ်ကြောင့် ကျွန်မတို့ကပဲ အခုနေတဲ့ဆီကို ပြောင်းခဲ့ကြတာပါ ... ။

=======================

" ဦးလေးက သားသမီးမရှိဘူးလား "လို့ ဆရာဝန်က မေးလိုက်တာဟာ ကျုပ်အရှိုက်ကို လက်သီးနဲ့ ပင့်ထိုးလိုက်သလိုပါပဲ။ ကျုပ်က ခေါင်းကို ခပ်လေးလေး ခါပြလိုက်တယ်။

" ဦးလေးက ဆေးရုံလည်း မတက်ချင်ဘူးဆိုတော့ ကျွန်တော် အိမ်မှာ လာကုပေးရတာ ကိစ္စမရှိပါဘူး။ ခက်တာက ဦးလေးအနားမှာ အမြဲပြုစုပေးဖို့ လူတစ်ယောက်တော့ရှိမှ ဖြစ်မှာပေါ့ "

ကျုပ်က မောင်ဌေးကို လက်ညှိုးထိုးပြတော့ မောင်ဌေးက ပြုံးနေတယ်။ သူ့ပြုံးပုံက တစ်မျိုးပဲ။ အခုမှ ကျုပ်နေမကောင်းတာ သုံးရက်ပဲရှိသေးတယ်။ သူ ကျုပ်ကို စိတ်ပျက်နေပြီလား။ ကျုပ်ဘဝကလည်း အကူအတွဲမပါဘဲနဲ့ ဘာမှ မစွမ်းဆောင်နိုင်တော့တဲ့အခြေအနေ ဖြစ်သွားပြီလေ။ တော်ရုံလူ ဘယ်စိတ်ရှည်ပါတော့မလဲ။ ဆရာဝန်ပြန်ဖို့ပြင်တော့ မောင်ဌေးက ဆေးအိတ်ဆွဲပြီး လိုက်ပို့တယ်။ ကျုပ်ကိုလည်း " ကျွန်တော် ပြန်လာခဲ့မယ်နော် ဦးလေး။ ဆရာ့ကိုပို့ပြီး ပြန်လာမှ ကျွန်တော် ဦးလေးကို ထမင်းကျွေးမယ်။ ဘာစားချင်သေးလဲ။ ဘာဝယ်လာခဲ့ရမလဲ "ဆိုတော့ ကျွန်တော် ခေါင်းယမ်းပြလိုက်တယ်။ ဆရာဝန်မလာခင်လေးတင် သူ ကွေကာအုပ်ဖျော်တိုက်ထားလို့ ကျုပ်လည်း မဆာသေးပါဘူး။

ပြောလို့သာ ပြောရတာ။ ကောင်လေးက မဆိုးရှာပါဘူး။ ဒါပေမယ့် ရေရှည်ကျတော့ ဖြစ်ပါ့မလား။ ကျုပ်မျက်စိရှေ့က လူရိပ်တွေ ကွယ်သွားတာနဲ့ ကျုပ် တုန်လှုပ်ခြောက်ခြားပြီး အားငယ်လာတယ်။ ကျုပ်မှာ တစ်သက်လုံး မသုံးရက်မစွဲရက် စုထားတဲ့ ပိုက်ဆံတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီပိုက်ဆံတွေလည်း ကျုပ်ကို လုံလောက်တဲ့စိတ်ချမ်းသာမှု မပေးနိုင်တော့ပါလား။

" မမြနုရယ် ငါ့အဖြစ်ကို မြင်လှည့်စမ်းပါဦးကွာ .."
ကျုပ်တစ်ယောက်တည်း ရင်ထဲက လှိုက်လှိုက်လှဲလှဲ တမ်းတလိုက်မိတယ်။ ပြီးတော့ ကျုပ် ဘယ်သူမှမမြင်အောင် ဝှက်ထားတဲ့ အိပ်ယာအောက်က ဓာတ်ပုံသေးသေးလေးတစ်ပုံကို ဆွဲထုတ်ပြီး ကြည့်လိုက်တယ်။
" ဒီမှာလေ မင်းရဲ့သမီး၊ မင်းကိုယ်တိုင် ဖြီးလိမ်းဝတ်စားပေး ပြီး ရိုက်ခိုင်းလို့ ငါရိုက်ပေးထားတဲ့ ဓာတ်ပုံလေးပေါ့။ ခြံထဲမှာ ပိတောက်ပန်းတွေ ပွင့်နေတဲ့တစ်ရက် ဂါဝန်ကားကားလေးနဲ့ ပိတောက်ပန်းတွေကို ပွေ့ဖက်ပြီး ရယ်မောနေတဲ့ ကလေးတစ်ယောက်ရဲ့ဓာတ်ပုံပေါ့။ ကျုပ်ရင်တွေ နာလိုက်တာ ... ။ မောင်ဌေးပြန်မလာခင် ဓာတ်ပုံကို တရွေ့ရွေ့နဲ့ အိပ်ရာအောက်ကို ပြန်ထိုးပြီး ကျုပ်မျက်စိအစုံကို မှိတ်ပြီး ခဏမှိန်းနေလိုက်တယ်။ တစ်ချက်တစ်ချက် ခြံထဲက ပိတောက်ပန်းရနံတွေဟာ အိမ်ထဲအထိ တိုးဝင်လာတယ်။

=====================

အပြင်မှာ သင်္ကြန်ကျနေပြီ။ လမ်းမပေါ်က ကလေးအချို့ ရေကစားရင်း အော်ဟစ်မြူးထူးနေသံကို အိမ်ထဲက အတိုင်းသားကြားနေရတယ်။ လမ်းထိပ်စတုဒီသာမဏ္ဍပ်က ဖွင့်ထားတဲ့ သင်္ကြန်သီချင်းသံတွေကလည်း တညံညံပဲ။ လူတွေ လူတွေ အတော်ပျော်နေကြသလား ... ။ အိမ်အိုကြီးတစ်လုံးထဲမှာ အထီးကျန်လူသားတစ်ယောက် ရှိနေတာကို သတိပြုမိကြပါရဲ့လား။ တွေးရင်း တွေးရင်းနဲ့ ကျုပ် ပိုပြီးအားငယ်လာတယ်။ ပတ်ဝန်းကျင်ကလူသားတွေနဲ့ ကျုပ်ဟာ တစ်ချိန်ထက်တစ်ချိန် ပိုပိုဝေးပြီး တသီးတခြားဖြစ်သွားသလိုပဲ။ အပြင်မှာသာ ဆူညံစိုပြေနေတာ၊ ကျုပ်အိမ်ထဲမှာတော့ ခြောက်သွေ့လို့။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ဒဏ်ကို ကျုပ် ဘယ်လောက်ကြာကြာ ခံနေရမှာလဲ။ အိမ်မြှောင်ကလေး တစ်ကောင်တလေလောက်တောင် ကျုပ်နားမှာလာပြီး စုတ်ထိုးဖော်မရဘူး။

တစ်ယောက်တည်း အားငယ်ပြီးမှိန်းနေတုန်းမှာ အိမ်ရှေ့က တံခါးတွန်းဖွင့်သံနဲ့ ခြေသံသဲ့သဲ့ကြောင့် ကျုပ် ဝမ်းသာသွားတယ်။ မောင်ဌေး ပြန်လာပြီထင်ပါရဲ့။ အခါတိုင်း တံခါးသံကြားတာနဲ့ ကျုပ်ရှေ့ကို တန်းရောက်လာတတ်တဲ့ မောင်ဌေးဟာ အခုတော့ ဘာ့ကြောင့်များ တုံ့နှေးနေပါလိမ့်။ တံခါးဖွင့်သံကြားပြီး ခဏကြာတဲ့အထိ ဝင်မလာသေးဘူး။ ကျုပ်ထိုင်နေတဲ့ ဧည့်ခန်းထောင့်ကနေ လှမ်းမြင်ရတဲ့ အိမ်တံခါးဝကို လှမ်းပြီး မျှော်နေတုန်းမှာပဲ ပိတောက်ပန်းတွေကိုင်ထားတဲ့ ဂါဝန်အဖြူကားကားလေးနဲ့ ကလေးတစ်ယောက်ကို လက်ဆွဲပြီး မိန်းမတစ်ယောက်ဟာ တရွေ့ရွေ့နဲ့ ကျုပ်ရှိရာကို လာနေတယ်။

" ဟင်... သမီး .. သမီးလေးနဲ့ မမြနုပါလား ... "

ထိတ်ခနဲဖြစ်ပြီး ကျုပ်ရင်တွေ တလှပ်လှပ်ခုန်လာတယ်။ ကျုပ် အိပ်မက်များ မက်နေတာလား။ ကျုပ် ကလေးရဲ့မျက်နှာကို အသေအချာ စိုက်ကြည့်မိတယ်။ ဟုတ်တယ်။ သမီးလေး ... ကျုပ်သမီးလေးမှ သမီးလေးအစစ်ပါ။ စောစောကပဲ ဓာတ်ပုံထုတ်ကြည့့်ထားသေးတာ။ ကျုပ် ငေးကြည့်နေတုန်းမှာပဲ သူတို့နှစ်ယောက်က ကျုပ်နား ရောက်လာတယ်။

" ကိုဘအောင် သက်သာရဲ့လား .. "

အမျိုးသမီးက ကျုပ်ကို နှုတ်ဆက်လိုက်တယ်။

" ဟင် .. မမြနုလည်း မဟုတ်ပါလား .."

" ကိုဘအောင် နေသာရဲ့မဟုတ်လား။ ကျွန်မ မအေးသီလေ ... "

" ဟင် .. ဒါ ... တင်ဖေ့မိန်းမပဲ ... "

ကျုပ်မျက်နှာ ဘယ်လိုအရောင်ပြောင်းသွားသလဲတော့ မသိဘူး။ သူက ကျုပ်ကိုကြည့်ပြီး စကားတွေဆက်ပြောနေတယ်။

" ကိုဘအောင်နေမကောင်းဘူးဆိုတာ ဟိုဘက်အိမ်က မောင်ဌေးဆိုတဲ့သူငယ်က အကြောင်းကြားလို့ ကျွန်မတို့ လာခဲ့တာပါ။ ကျွန်မတို့မိသားစုအပေါ် ခွင့်လွှတ်ပါတော့လို့လည်း တောင်းပန်ပါရစေ။ ကျွန်မတို့တတွေ အသက်တွေလည်း ကြီးကြပါပြီ ကိုဘအောင်ရယ်။ အခုဆိုရင် ကိုတင်ဖေတောင် လူ့လောကကြီးထဲမှာ မရှိတော့ပါဘူး .. "

" ဟင် ... တင်ဖေ သေပြီဆိုပါလား ... "

" ဒီကလေးက ရှင့်မြေးလေးပါ။ သင်ပိတောက်တဲ့။ ရှင်သာ လက်ခံမယ်ဆိုရင် ရှင်တို့မြေးအဖိုးတွေ အတူနေဖို့ အချိန်တွေရှိပါသေးတယ်။ ကျွန်မယောကျ်ားဟာ သူ့မြေးကလေးကိုတောင် တွေ့ခွင့်မရသွားပါဘူးရှင် .. "

" ဟင် သင်းပိတောက်တဲ့လား .... ချစ်စရာကောင်းလိုက်တဲ့ကလေးရယ် .."

" သမီးမေခင်ကို ရှင့်ရင်ခွင်ထဲက ဆွဲထုတ်သွားသလိုဖြစ်တဲ့အတွက် ကျွန်မတို့လည်း စိတ်မကောင်းပါဘူး။ ရှင့်သမီးကို ရှင်ချစ်သလို ကျွန်မတို့လည်း သမီးအရင်းလို စောင့်ရှောက်ပြုစုခဲ့ပါတယ်။ သမီးကလည်း ရှင့်ကို အမြဲလွမ်းနေတာပါရှင်။ ကျွန်မတို့အပေါ်ကျေပါတော့နော် "

ရုတ်တရက်ကြီးဆိုတော့ ကျုပ် ဘာပြောရမှန်းမသိတော့ဘူး။ ေဩာ် .. ဘာပြောလို့ရော ရမှာလဲလေ။ စကားတစ်လုံးနဲ့တစ်လုံးကြား မနည်းအားယူုးပြီး ပြောနေတာတောင် မပီသတဲ့ကျုပ်စကားကို ဘယ်သူကရော နားလည်မှာမို့လဲ။

" သမီး ဖိုးဖိုးကို ပိတောက်ပန်းပေးမလို့ဆို "

ငြိမ်ချက်သားကောင်းနေတဲ့ ကျုပ်ကို အကဲခတ်ပြီး မအေးသီက ကလေးကို ပြောလိုက်တယ်။ ကလေးက ကျုပ်မျက်နှာကို မော့ကြည့်ပြီး " ဘိုးဘိုး ရော့ ဘိုးဘိုးအတွက် ပိတောက်ပန်း "လို့ ဆိုပြီး ကုလားထိုင်မှာ မှီထိုင်နေတဲ့ ကျုပ်ရင်ဘတ်ပေါ်ကို လာတင်ပေးတယ်။ ကျုပ် လက်နဲ့ လှမ်းမယူရဲဘူး။ ကျုပ်လက်တွေ တုန်နေမှာသေချာလို့။

ရင်ခွင်ထဲက ပိတောက်နံ့သင်းသင်းနဲ့အတူ ကျုပ်နှလုံးသားထဲကို ရေစင်တစ်ပေါက် ဖိတ်ကျလာတယ်။ ဒီပိတောက်ပန်းတွေဟာ ကျုပ်အပင်က ပန်းတွေပဲ။ ကျုပ်သိပ်သိတာပေါ့။ ဒါလည်း မောင်ဌေးအစီအစဉ်ပဲ ဖြစ်ရမယ်။ မအေးသီဟာ ကလေးကိုတလှည့့်ကျုပ်ကိုတလှည့် အကဲခတ်နေပြီးမှ စိတ်ချလက်ချပုံမျိုးနဲ့ အိမ်ရှေ့တံခါးပေါက်ဘက် လှည့်ပြီး " သားတို့ သမီးတို့ လာကြတော့ဟေ့။ သမီးအဖေကြီး စိတ်ပြေနေပါပြီကွယ် "လို့ လှမ်းခေါ်လိုက်တယ်။ အဲဒီအထိ ကျုပ်ရင်ထဲမှာ တလှပ်လှပ်နဲ့ ခုန်နေတုံး။ အိပ်မက်ထဲမှာ လမ်းလျှောက်ရသလို လူကလည်း လွတ်ဟာဟာနဲ့။ အိမ်ရှေ့ခန်းကို ဖြည်းဖြည်းချင်း ဝင်လာကြတဲ့ ပုံရိပ်တွေဟာ ကျုပ်မျက်စိထဲ ဝါးနေတယ်။

" ကိုတင်ဖေမရှိတော့ပေမယ့် ကျွန်မက သားနဲ့ သမီးနဲ့ မြေးနဲ့ သိုက်သိုက်ဝန်းဝန်း နေခဲ့ဖူးပါပြီ ကိုဘအောင်။ အခု သင်းပိတောက်တို့ကို ထားခဲ့ပြီး ကျွန်မကို ပြန်သွားခွင့်ပြုပါ။ ကျွန်မတစ်ယောက်တည်း နေရတဲ့အခါ သမီးနဲ့မြေးကို လွမ်းနေရမှာပါ။ ဒါပေမဲ့ကျွန်မ ကျေနပ်ပါတယ်။ သမီးဟာ ရှင့်ရဲ့မေတ္တာကို မျှော်လင့်နေတာကြာပါပြီ "

အိမ်ရှေ့ခန်းကဝင်လာတဲ့ ပုံရိပ်နှစ်ခုဟာ ကျုပ်ရဲ့ကုလားထိုင်ရှေ့က ကြမ်းပြင်မှာ သိမ်သိမ်မွေ့မွေ့ထိုင်ပြီး ခေါင်းငုံ့နေကြတယ်။ မြေးမလေးက အဖေနှင့်အမေကြားကို သွားပြီးထိုင်လိုက်တယ်။ ကျုပ် သမီးကို မြင်လိုက်ရတော့ ရင်ထဲမှာ တစ်ဆို့ဆို့ကြီးနဲ့ ဘယ်လိုဖြစ်လာမှန်း မသိဘူး။ သမီးရဲ့ဘေးက ခေါင်းငုံ့ထားတဲ့သူငယ်လေးကို ကျုပ် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပဲ။

" ဟောဒီက ကျွန်မသားကိုလည်း ရှင်ခိုင်းချင်ရာ ခိုင်းရအောင် ထားခဲ့ပါရစေ။ စိတ်တိုင်းမကျတာ ရှိရင်လည်း ရှင့်စိတ်ကြိုက် ဆုံးမပါ။ ကျွန်မ ရှင့်ကို ကြည်ကြည်ဖြူဖြူ အပ်ပါတယ်။ ဟောဒီသားရယ်၊ သမီးရယ်၊ မြေးရယ်ဟာ ရှင်စိတ်တိုင်းကျ အဖော်လုပ်နိုင်မယ့် ရှင့်ကို အသက်ထက်ဆုံး ပြုစုသွားမယ့် ရှင်ပိုင်ဆိုင်တဲ့အရာတွေပါ "

ေဩာ် ... စောစောကလေးတုန်းက အိမ်မြှောင်ကလေးတစ်ကောင်တောင် အနားမှာမရှိလို့ တုန်လှုပ်ချောက်ချား အားငယ်နေရတဲ့ ကျုပ်ဘဝက အခုတော့လည်း အပြောင်းအလဲ မြန်လှချည်လား။ အို ... အရေးထဲ ဟောဒီမျက်ရည်တွေက ဘယ်လိုဖြစ်ပြီး ကျလာရတာပါလိမ့် ...။

Coin Marketplace

STEEM 0.72
TRX 0.10
JST 0.075
BTC 57008.08
ETH 4304.47
BNB 612.78
SBD 7.00